ဂျေရုစလင်၊ ဖေဖော်ဝါရီ ၁၄

အီရန်ရဲ့ နျူကလီးယားစီမံကိန်းကို အစ္စရေးက အခုနှစ် နှစ်လယ်ပိုင်းမှာ ကြိုတင် လက်ဦးမှု ရယူ တိုက်ခိုက်ဖို့ ရှိနေတယ်လို့ အမေရိကန် ထောက်လှမ်းရေးက သတိပေးထားကြောင်း ထောက်လှမ်းရေး သတင်းတွေကို ကိုးကားပြီး Washington Post သတင်းစာက ဖော်ပြပါတယ်။

အစ္စရေးက အဲဒီလို တိုက်ခိုက်ခဲ့မယ်ဆိုရင် ဒေသတွင်းမှာ တင်းမာမှု အရှိန် မြင့်တက်လာပြီး ပိုကျယ်ပြန့်တဲ့ စစ်ပွဲတစ်ပွဲ ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ဘိုင်ဒန်အစိုးရ သက်တမ်း အဆုံးသတ်ပြီး ထရန့် အစိုးရ သက်တမ်း စတင်ချိန်မှာ ထွက်ပေါ်လာတဲ့ ထောက်လှမ်းရေး သတင်းတွေကို ကိုးကားပြီး အဲဒီသတင်းစာက ဖော်ပြပါတယ်။

ဒီလို တိုက်ခိုက်လာရင် အီရန်ရဲ့ နျူကလီးယားစီမံကိန်းကိုလည်း လပေါင်းများစွာကြာ ဆုတ်ယုတ်သွားစေမှာ ဖြစ်ပါတယ်။

အဲဒီ သတင်းကို ရိုက်တာက အတည်မပြုရသေးသလို အိမ်ဖြူတော်ကလည်း မှတ်ချက်ပြုပေးဖို့ ငြင်းဆိုထားပါတယ်။

အစ္စရေးအစိုးရ၊ စီအိုင်အေ၊ ကာကွယ်ရေးနဲ့ထောက်လှမ်းရေး အေဂျင်စီ၊အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးတို့က မှတ်ချက်ပြုဖို့ ငြင်းဆိုထားတယ်လို့ Washington Post မှာ ဖော်ပြပါတယ်။

သမ္မတ ဒေါ်နယ် ထရန့်အနေနဲ့ အီရန်ကို နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့် ပေးမှာ မဟုတ်ဘူးလို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဘရိုင်ယန် ဟု့ချ်က ပြောဆိုထားတာပါ။

အီရန်အနေနဲ့ သူတို့ရဲ့ နျူကလီးယားစီမံကိန်းနဲ့ ပတ်သက်လို့ မကြာခင် ညှိနှိုင်းဖို့ ဆန္ဒမရှိဘူးဆိုရင် ထရန့်အနေနဲ့ အချိန်စောင့်မှာ မဟုတ်ဘူးလို့ ပြောခွင့်ရ ဘရိုင်ယန်က ပြောပါတယ်။

အဲဒီ ထောက်လှမ်းရေး သတင်းတွေဟာ ဇန်နဝါရီလက ထွက်ပေါ်လာခဲ့တာ ဖြစ်ပြီး ကာကွယ်ရေး ထောက်လှမ်းရေး အေဂျင်စီနဲ့ စစ်ဦးစီးချုပ်ရုံး ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဌာနတို့က ထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့ Washington Post သတင်းဌာနက ဖော်ပြပါတယ်။

အီရန်ရဲ့ Fordow နဲ့ Natanz နျူကလီးယား စက်ရုံတွေကို အစ္စရေးက တိုက်ခိုက်လာနိုင်တယ်လို့ အဲဒီ ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားတာပါ။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အီရန်ကို အစ္စရေးက ဗုံးကြဲ တိုက်ခိုက်မှုဟာ နောက်ထပ် တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်ရေး အီရန်ရဲ့ လေကြောင်း ကာကွယ်ရေး စွမ်းပကားကို အဆင့်လျော့ကျသွားအောင် တိုက်ခိုက်တာ ဖြစ်တယ်လို့ လက်ရှိနဲ့ အရင် အမေရိကန် ထောက်လှမ်းရေး အရာရှိတွေက ပြောကြားထားပါတယ်။

ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ပိုကျယ်ပြန့်တဲ့ တင်းမာမှုတွေ ရှိနေချိန် ပြီးခဲ့တဲ့နှစ်က အစ္စရေးနဲ့ အီရန်တို့ ပါးကိုက်ရင် နားပြန်ကိုက်မယ်ဆိုတဲ့ သဘောနဲ့ အပြန်အလှန် တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.