နေပြည်တော် ၊ ဖေဖော်ဝါရီ ၁၅
စစ်ကောင်စီ ကျင်းပတဲ့ ပြည်ထောင်စုအဆင့် အသေးစား၊ အငယ်စားနဲ့ အလတ်စား MSME ထုတ် ကုန်ပြပွဲကို လာရောက်လေ့လာသူ များပြားမှုကြောင့် ရက်တိုးကျင်းပသွားမယ်လို့ ဝါဒဖြန့်သတင်း စာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
၇၈ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် MSME ထုတ်ကုန်ပြပွဲနဲ့ ပြိုင်ပွဲကို နေပြည် တော် ဥပ္ပါတသန္တိ စေတီတော်အနီး တပေါင်းကွင်းမှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ ပြသနေရာမှ ဖေဖော်ဝါရီ ၁၆ ရက်နေ့ထိ နှစ်ရက်တိုးကျင်းပသွားမယ်လို့ ဆိုပါတယ်။
ရက်တိုးကျင်းပရတာဟာ ပြပွဲစတင်တဲ့ရက်ကစပြီး နေ့စဉ်ကျောင်းသား၊ ကျောင်းသူတွေ၊ ဝန်ထမ်းနဲ့ ဝန်ထမ်းမိသားစုဝင်တွေ၊ ပြည်သူနဲ့ MSME လုပ်ငန်းရှင်တွေက တစ်ခဲနက်လာရောက်ကြပြီး အ ထူးစိတ်ဝင်စားစွာ ပါဝင်ဆင်နွှဲတာကြောင့် စစ်ကောင်စီဘက်က ဝါဒဖြန့်ပါတယ်။
နေပြည်တော်သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ MSME ပြပွဲကို ဝန်ထမ်းတွေအပြင် မိသားစုဝင် တွေကိုပါ မဖြစ်မနေ သွားရောက်ကြည့်ရှုခိုင်းတာ၊ ဝန်ကြီးဌာနနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းရှင်တွေကို ပြပွဲပြခိုင်းတာအပြင် ကျောင်းသား၊ ကျောင်းသူတွေကိုလည်း ကျောင်းအလိုက် လာရောက် ကြည့်ရှုခိုင်းထားတာပါ။
MSME လုပ်ငန်းရှင် တစ်ဦးကတော့ MSME ပြပွဲအတွက် စစ်ကောင်စီဘက်က လုပ်ငန်းရှင်တွေကို သူတို့ကိုယ်တိုင် နေစရာနဲ့ စားစရိတ်ပေးပြီး သွားရောက်ပြသခိုင်းတာ ဖြစ်သလို ပြပွဲကလည်း သိပ်အထွေ အထူးမဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“သွားပြတဲ့သူကတော့ သွားတော့ သွားနေကြတာပဲ။ သူတို့ ပြည်နယ်အစိုးရကတော့ သူပံ့ပိုးပေးတာပေါ့။ကျွန်တော်ကြားတာကတော့ ဟိုမှာပံ့ပိုးပေးတာတော့ နေဖို့နေရာစီစဉ်ပေးတယ်။ နောက် နေ့စဉ် စားစရိတ်လားမသိဘူး အဲဒီလိုမျိုးပေးတယ်လို့ ကြားတာပေါ့။ ဒီ SME ကတော့ ပြောလို့ ရှိရင်တော့ သိပ်အထွေအထူးတော့ မဟုတ်ဘူး”လို့ ဆိုပါတယ်။
ဒါ့အပြင် MSME လုပ်ငန်းတွေကို ပြပွဲအနေနဲ့ အခုလိုပြသရုံနဲ့ လုပ်ငန်းတွေ တိုးတက်နိုင်မှာ မဟုတ်သလို လုပ်ငန်းတွေ တိုးတက်အောင် ထုတ်လုပ်မှု ကုန်ကျစရိတ်တွေ ကျဆင်းဖို့အတွက် ထဲထဲဝင်ဝင် ကူညီနိုင်မှသာ တိုးတက်လာမှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
တဖက်မှာတော့ စစ်ကောင်စီဟာ MSME လုပ်ငန်းတွေ လုပ်ငန်းတိုးချဲ့နိုင်ရေးအတွက် ချေးငွေတွေကို မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နဲ့ ပုဂ္ဂလိကဘဏ် ၁၆ ခုမှာ ချေးငွေလျှောက်ထားနိုင်တယ်လို့ ကြေညာထားပေမယ့် ချေးငွေရရှိဖို့ အခက်အခဲများစွာ ရှိနေတယ်လို့ MSME လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။
မြန်မာဟာ စစ်တပ်အာဏာသိမ်းပြီးနောက် လျှပ်စစ်မီးအပြည့်အဝ မပေးနိုင်တာ၊ ကုန်ကြမ်းပစ္စည်းနဲ့ ထုတ်လုပ်မှုကုန်စရိတ် အဆမတန် မြင့်တက်လာတာ၊ စစ်မှုထမ်းဥပဒေကြောင့် ကျွမ်းကျင် လုပ် သား ရှားပါးလာတဲ့အတွက် MSME လုပ်ငန်းအများစု ရပ်နားလာရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI