ရွှေကုက္ကိုလ်၊ ဖေဖော်ဝါရီ ၁၅
ကျားဖြန့်ကို နှိမ်နင်းဖို့အတွက်ဆိုပြီး အထူးအဖွဲ့ ဖွဲစည်းလိုက်ပြီးတဲ့နောက် ကရင်နယ်ခြားစောင့်တပ် BGF က ရွှေကုက္ကိုလ်မြို့ထဲမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို စတင်ဖမ်းဆီးနေတယ်လို့BGF သတင်း ရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကျားဖြန့် အွန်လိုင်းလိမ်လည်မှု ရာဇဝတ်မှုလုပ်ငန်းတွေကို တိုက်ဖျက်ဖို့အတွက် ထိုင်းနိုင်ငံက မြန် မာနိုင်ငံ မြဝတီမြို့နယ်ထဲကို ရောင်းချပေးနေတဲ့ လျှပ်စစ်မီးနဲ့ စက်သုံးဆီတွေ ဖြတ်တောက်ထားလိုက်ပြီး တစ်ပတ်အကြာ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ BGF က ကျားဖြန့်လူမှောင်ခို ပပျောက်နှိမ်နင်းရေးအတွက် အထူးအဖွဲ့ ဖွဲ့စည်းလိုက်တာပါ။
BGF တပ်ဖွဲ့ဝင်တွေ အများအပြားပါဝင်တဲ့ ကျားဖြန့်နှိမ်နင်းရေး အထူးအဖွဲ့ဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ မနက်ကစပြီး သူတို့ထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုလ်မြို့သစ်ထဲက တရုတ်လူမျိုးတွေရှိတဲ့နေရာတွေအားလုံးကို ဝင်ရောက်စစ်ဆေးနေပြီး တရုတ်လူမျိုးအများစုပါဝင်တဲ့ နိုင်ငံခြားသားအများအပြားကို ခေါ်ဆောင်သွားကာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
ရွှေကုက္ကိုလ်သတင်းရင်းမြစ်တစ်ဦးရဲ့ အဆိုအရ တရုတ်အများစုပါဝင်တဲ့ နိုင်ငံခြားသား ၁၀၀ ကျော်ကို သီးသန့်နေရာတစ်ခုမှာ ထားထားပြီး လုံခြုံရေးအစောင့်အကြပ်ထူထပ်စွာနဲ့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်း ဆိုပါတယ်။
BGF ကတော့ ရွှေကုက္ကိုလ်မြို့အပြင် မြဝတီမြို့နယ်အတွင်းမှာရှိတဲ့ တရားမဝင် အွန်လိုင်းလိမ်လည်မှု ရာဇဝတ်မှုလုပ်ငန်း ကျားဖြန့်မရှိစေဖို့ ပပျောက်သွားဖို့အတွက် နှိမ်နင်းတိုက်ဖျက်ဖော်ထုတ်သွားမယ်လို့ ကြွေးကြော်ထားပြီး ကျားဖြန့်မှာပါဝင်ပတ်သက်တဲ့သူတွေ၊ ညှဉ်းပန်းနှိပ်စက်ခံရတဲ့သူတွေကို ပြန်လည်လွှဲပြောင်းပေးပို့သွားမယ်လို့ ပြောဆိုထားပါတယ်။
ထိုင်းက မီးဖြတ်ထားတဲ့ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ထဲမှာလည်း တရုတ်လူမျိုးပိုင် KTV ကာစီနိုအပါအဝင် ဆိုင်တွေအားလုံးပိတ်ထားလိုက်ပြီး ဒေသတွင်းအာဏာပိုင်ဖြစ်တဲ့ ဒီမိုကရေစီအကျိုး ပြုတပ်မတော် DKBA က တရုတ်လူမျိုးနေထိုင်ရာ နေရာတွေကို လိုက်လံစစ်ဆေးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
BGF နည်းတူ ကျားဖြန့်ကို လက်မခံဘဲ တိုက်ဖျက်ဖော်ထုတ်သွားမယ်လို့ DKBA က ထုတ်ဖော်ပြော ဆိုလိုက်ပြီးတဲ့နောက် သူတို့ရဲ့ နယ်မြေ မြဝတီမြို့နယ် ကျောက်ခက်ရွာထဲမှာရောက်နေတဲ့ လူကုန်ကူး ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ နိုင်ငံခြားသား ၂၆၁ ဦးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ထိုင်းအာဏာပိုင်ထံ လွှဲပြောင်းပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-BGF