ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၄
နိုင်ငံခြားသို့ အကူအညီပေးရေး အဖွဲ့အစည်းတွေအတွက် ရန်ပုံငွေတွေ ပြန်လည် ပေးအပ်ရေး အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ အစိုးရကို ဖက်ဒရယ် တရားသူကြီး တစ်ဦးက ညွှန်ကြားထားကြောင်း Politico သတင်းဌာနက ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းမှာ ဖော်ပြထားပါတယ်။
ထရန့်ရဲ့ ရက်ပေါင်း ၉၀ ကြာ ရန်ပုံငွေ ရပ်ဆိုင်းထားမှုကြောင့် အကြီးအကျယ် ဒုက္ခရောက်နေရတယ်လို့ နိုင်ငံခြားသို့ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။

တရားသူကြီးရဲ့ တားမြစ်မှုကြောင့် ဇန်နဝါရီ ၂၀ ရက်က အိမ်ဖြူတော်သို့ ထရန့် ရောက်မလာခင် ချုပ်ဆိုထားတဲ့ စာချုပ်တွေအတွက် နိုင်ငံခြား အကူအညီပေးမှုကို သူ့အနေနဲ့ ဖျက်သိမ်းမယ့် အခြေအနေကနေ တားဆီးလိုက်တာ ဖြစ်ပါတယ်။
နိုင်ငံခြားအကူအညီ အားလုံးကို ဆိုင်းငံ့ထားဖို့ အဆိုပြုထားတာက အဲဒီ စီမံကိန်းတွေရဲ့ ထိရောက်မှု၊ အမေရိကန်အစိုးရရဲ့ ဦးစားပေးကိစ္စတွေနဲ့ ကိုက်ညီမှု ရှိမရှိ ပြန်သုံးသပ်ရေးအတွက် ဖြစ်တယ်လို့ အမေရိကန် ဒေသဆိုင်ရာ တရားသူကြီး အေမာ အလီက ပြောပါတယ်။

လွှတ်တော်က အတည်ပြုထားပြီးသား နိုင်ငံခြားအကူအညီ အားလုံးကို ရပ်ဆိုင်းလိုက်တဲ့အတွက် သက်ဆိုင်ရာအစိုးရက ရှင်းလင်း ဖော်ပြချက် မရှိခဲ့ဘူးလို့ ဖက်ဒရယ် တရားသူကြီးက ပြောကြားထားပါတယ်။
ထရန့်က အစိုးရအေဂျင်စီကို ဖျက်သိမ်းပြီး ဝန်ထမ်းအရေအတွက် သိသိသာသာ လျှော့ချဖို့ ကြိုးပမ်းနေပါတယ်။
သူက အစိုးရဝန်ထမ်းတွေအနေနဲ့ အလုပ်ထွက်မယ်ဆိုရင် ၈ လစာ ပေးမယ်လို့လည်း ကြေညာထားပြီး အစိုးရဝန်ထမ်း ရာပေါင်းများစွာကို ထုတ်ပယ်ဖို့ စီစဉ်နေပါတယ်။
ပြည်ပရှိ စီမံကိန်းတွေအတွက် အမေရိကန်က အကူအညီ ပြန်လည် ပေးအပ်ရေး ကျန်းမာရေးအဖွဲ့အစည်း နှစ်ခုက တရားစွဲခဲ့ပြီးနောက် ဖက်ဒရယ် တရားသူကြီးက အခုလိုမျိုး ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
Ref:Reuters