တနင်္သာရီ၊ ဖေဖော်ဝါရီ ၁၅
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူတွေထဲက လူဦးရေ ၂၀၀ ကျော်ဟာ ယားနာနဲ့ ဝမ်းရောဂါဖြစ်ပွားတာတွေ ရှိနေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရောဂါဖြစ်ပွားနေသူတွေဟာ တောတောင်နဲ့ဥယျဉ်ခြံတွေထဲမှာ စစ်ရှောင်နေရသူ အများစုပါဝင်ပြီး သောက်သုံးရေ မလုံလောက်တာ၊ ယင်လုံအိမ်သာမရှိတာနဲ့ ဖြစ်သလိုနေထိုင်ရတာတွေကြောင့် ရောဂါဖြစ်ပွားနေကြတာပါ။
ရောဂါဖြစ်ပွားနေသူတွေထဲမှာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေလည်းပါဝင်ပြီး ရှိတဲ့ဆေး ဝါးတွေနဲ့ကုသပေးနေပေမယ့် မလုံလောက်တာကြောင့် ရောဂါဖြစ်ပွားနေမှုကို မထိန်းချုပ်နိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီဘက်ကလည်း တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ဒေသတွေကို စား သောက်ကုန်၊ စက်သုံးဆီနဲ့ဆေးဝါးသယ်ယူမှုတွေ ကန့်သတ်ထားတာကြောင့် ဆေးဝါးပြတ်လပ်မှုတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၈ ရက်နေ့ကစတင်ပြီး တနင်္သာရီ-မောတောင်လမ်းပိုင်းမှာ တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၃ ရက်နေ့ထိ နှစ်ဖက်တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေပါတယ်။
တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်သေဆုံးတွေလည်း များနေသလို လေကြောင်းကနေ ဗုံးကြဲခံရတာ၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံ ၅ ဦးထက်မနည်း သေဆုံးထားပြီး ၂၀ နီးပါး ထိခိုက်ဒဏ်ရာရရှိထားတာပါ။
နှစ်ဖက်တိုက်ပွဲကြောင့် ရေဖြူ၊ ထုံမခါ၊ ချောင်းနှစ်ပေါက်၊ သိန္နောကျေးရွာတွေက ဒေသခံ ၂၀၀၀ ဝန်းကျင် စစ်ဘေးရှောင်နေရတာ နှစ်လကျော် ကြာမြင့်လာပြီ ဖြစ်ပါတယ်။
တနင်္သာရီမြို့နယ်ထဲမှာ ကျေးရွာပေါင်း ၁၇၀ ကျော် ရှိပြီး တကူ၊ ပဝ၊ ဘန်းလမွတ်ကျေးရွာအုပ်စုတွေအပါအဝင် ကျေးရွာပေါင်း ၁၂၀ ကျော်ကို တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ထိန်းချုပ်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-နွေဦးမေတ္တာ