ကျိုက်ထို၊ ဖေဖော်ဝါရီ ၁၄

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်မှာ တစ်ရက်တည်း ကျေးရွာ သုံးရွာ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် လူ သုံးဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ မနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ တစ်ရက်တည်း ကျိုက်ထိုမြို့နယ်က ပိန္နဲကုန်းကျေးရွာ၊ ကော်ကပ်ကျေးရွာ၊ ဘီးလင်းမြို့နယ်က တဂေးလောင်ချောင်းဖျားကျေးရွာတို့ကို ပေါင် ၅၀၀ ဗုံး သုံးလုံး လာရောက်ကြဲချသွားတာပါ။

လေယာဉ်နဲ့ဗုံးကြဲခံရတာကြောင့် ဘုရားစေတီ၊ ဘုန်းကြီးကျောင်း၊ ဘာသာရေး အဆောက်အအုံ၊ ခရစ်ယာန်ဘုရားကျောင်း အပါအဝင် လူနေအိမ် ၂၀ အလုံးထက်မနည်း ထိမှန်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုဟာ အရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု ဖြစ်တယ်လို့ KNU ဗဟိုက ပြောဆိုထားပါတယ်။

ဗုံးကြဲခံရတဲ့ ကျေးရွာ သုံးရွာဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်အုပ်ချုပ်နယ်မြေက ကျေးရွာတွေ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်ရဲ့ သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ အဲဒီဗုံးကြဲမှုအတွင်း သေဆုံးသူ သုံးဦးနဲ့ ဒဏ်ရာရသူ ခြောက်ဦးဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ အခုနှစ်ဆန်းပိုင်းကစပြီး KNU သထုံခရိုင် အုပ်ချုပ်နယ်မြေမှာ ဗုံးကြဲတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.