ကိုလမ်ဘို၊ ဖေဖော်ဝါရီ ၁၀
သီရိလင်္ကာနိုင်ငံက လျှပ်စစ် ဓာတ်အားပေးရေး စက်ရုံခွဲတစ်ခုရဲ့ ဓာတ်အားလိုင်းထဲ ချဉ်းနင်း ဝင်ရောက်လာတဲ့ မျောက်တစ်ကောင်ကြောင့် ဖေဖော်ဝါရီ ၉ ရက်မှာ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရတယ်လို့ အရာရှိတွေက ပြောကြားလိုက်ပါတယ်။
သီရိလင်္ကာနိုင်ငံတစ်ဝန်း ဓာတ်အား ပြတ်တောက်မှုဟာ မနက် ၁၁ နာရီခွဲမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။
မိမိတို့ရဲ့ ဓာတ်အားပေးနေတဲ့ ထရန်စဖော်မာနဲ့ မျောက်တစ်ကောင် ထိတွေ့မှု ဖြစ်ရာက ဓာတ်အားပေးစနစ်အတွင်း ဟန်ချက်ပျက်မှု ဖြစ်ပွားခဲ့တယ်လို့ စွမ်းအင်ဝန်ကြီး ကုမာရ ဂျာယာကိုဒီက သတင်းထောက်တွေကို ပြောဆိုထားပါတယ်။
မြို့တော် ကိုလမ်ဘို တောင်ပိုင်း ဆင်ခြေဖုံးဒေသမှာ မျောက်တစ်ကောင် ချဉ်းနင်း ဝင်ရောက်မှု ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဝန်ကြီး ကုမာရက ပြောပါတယ်။
လျှပ်စစ်ဓာတ်အားကို ဖေဖော်ဝါရီ ၉ ရက် ညနေ ၆ နာရီလောက်မှာ အပြည့်အဝ ပြန်ပေးနိုင်ခဲ့တယ်လို့ သီရိလင်္ကာသတင်းဌာန Daily Mirror ရဲ့ သတင်းထောက် တစ်ယောက်က ပြောဆိုထားတာပါ။
အဲဒီလို လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် စောစောပိုင်းမှာ ရေပေးဝေမှုလည်း အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။
သီရိလင်္ကာမှာ ၂၀၂၂ ခုနှစ်က စီးပွားရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်တုန်းကလည်း နွေရာသီတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု လနဲ့ချီပြီး ဖြစ်ပွားခဲ့ဖူးပါတယ်။
စက်သုံးဆီဆိုင်တွေမှာ ဓာတ်ဆီနဲ့ ဒီဇယ် မရှိတော့ဘဲ အပူချိန်နဲ့ ဓာတ်အားပေးတဲ့ စက်ရုံတွေက တစ်နေ့ကို ၁၃ နာရီ လောက်ပဲ လျှပ်စစ်ဓာတ်အား အချိုးကျ ပေးဝေခဲ့ရပါတယ်။
Ref:AFP/CNA