လောင်းလုံး၊ ဖေဖော်ဝါရီ ၁၁
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ စစ်မှုထမ်းသင်တန်းဆင်း တပ်သားငါးဦးဆက်သွယ်အလင်း ဝင်လာတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်ပါတယ်။
စစ်မှုထမ်းတပ်သားတွေဟာ ထားဝယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၂၅ ခြေလျင်တပ်ရင်းက ဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီဒုတိယအပတ်မှစတင်ကာ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့နဲ့ ချိတ်ဆက်ပြီး အလင်းဝင်ခဲ့တာပါ။
စစ်မှုထမ်းတပ်သားငါးဦးဟာ ဇန်နဝါရီ ၁၁ ရက်နဲ့ ၁၂ နေ့ကစပြီး တစ်ယောက်ချင်းစီ ဆက်သွယ်ဝင်ရောက်လာတာဖြစ်သလို အခုနောက်ဆုံးတစ်ယောက်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ဆက်သွယ်အလင်းဝင်ခဲ့တယ်လို့ လောင်းလုံး(ပကဖ) ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်မှုထမ်း အပတ်စဉ် ၁ နဲ့ ၂ သင်တန်းဆင်းတွေဖြစ်တဲ့ တပ်သားငါးဦးကို လောင်းလုံး(ပကဖ)က လုံခြုံတဲ့နေရာမှာ သွားရောက်ကြိုဆိုတာခဲ့ပြီး အဲဒီထဲမှာ လက်နက်ခဲယမ်း ယူဆောင်လာသူတစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
အလင်းဝင်လာတဲ့ တပ်သားတွေကို လောင်းလုံး(ပကဖ)က ဆုငွေ တစ်သိန်းကျပ်ဆီ ချီးမြှင့်ထားပြီး လက်နက်ခဲယမ်းယူဆောင်လာတဲ့ တစ်ဦးကိုတော့ နောက်ထပ်ဆုကြေးငွေ ပေးအပ်ချီးမြှင့်သွားမယ်လို့ သိရပါတယ်။
အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ၅ ဦးထဲမှ အချို့ဟာ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှာ ရဲဘော်အဖြစ် တာဝန်ထမ်းဆောင်မှာဖြစ်ပြီး အချို့မှာနိုင်ငံခြားထွက်ခွာမယ့် သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့ အာဏာသိမ်း စစ်ကောင်စီလက်အောက်မှ အချိန်မရွေး ဆက်သွယ်ကူးပြောင်းနိုင်ပြီး ကူးပြောင်းလာတဲ့ သူတွေကိုလည်း အမြဲကြိုဆိုနေတယ်လို့ အ သိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကလည်း စစ်ကောင်စီရဲ့ အရာရှိအဆင့် ဗိုလ်မှူးတစ်ဦးအပါအဝင် တပ် သားနဲ့ရဲ ၁၃၆ ဦး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု ပါဝင်လာပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-LLPDF