ဘန်ကောက် ဖေဖော်ဝါရီ ၁၀
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာက ထိုင်း-မြန်မာ နယ်စပ်တလျှောက်က ဖုန်းလိမ်လည်ခေါ်ဆိုမှု စင်တာတွေကို ဖြိုခွင်းတဲ့ကြိုးပမ်းမှုတွေမှာ မြန်မာလူမှုအသိုင်းအဝန်းတွေအနေနဲ့ ပူးပေါင်း ပါဝင်ပေးကြဖို့ တိုက်တွန်းလိုက်ပြီး အဲဒီဒေသမှာရှိတဲ့ ရာဇဝတ်ကွန်ရက်တွေကို နှိမ်နှင်းပြီးတာနဲ့ မြန်မာနိုင်ငံဆီ လျှပ်စစ်ဓာတ်အားနဲ့ အင်တာနက် ပြန်လည် ထောက်ပံ့ပေးမယ်လို့ ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ တိုင်းရင်းသားရေးရာ တင်းမာမှုတွေ ဖြစ်ပွားနေတဲ့အပြင် တချို့ လက်နက်ကိုင်အဖွဲ့တွေအတွက် ငွေကြေးထောက်ပံ့မှု တစ်စိတ်တစ်ပိုင်းမှာ အဲဒီ ဖုန်းလိမ်လည်ခေါ်ဆိုမှု စင်တာလုပ်ငန်းတွေနဲ့ တရားမဝင်မူးယစ်ဆေးဝါး ကွန်ရက်တွေကနေ လာနေတာဖြစ်တယ်လို့ သက်ဆင်က ဆိုပါတယ်။
“အကြောင်းအရင်းခံကို မဖြေရှင်းသရွေ့ ပြဿနာက အဆုံးသတ်မှာ မဟုတ်ဘူး” လို့ သက်ဆင်က ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက လူမှုအသိုင်းအဝန်းတွေကလည်း အဲဒီငွေလိမ်လုပ်ငန်းတွေကို ထောက်ပံ့တာမျိုး မလုပ်သင့်တော့ဘူးဆိုတာ သဘောပေါက်ရမယ်လို့ ထောက်ပြပါတယ်။
သက်ဆင်က “တကယ်လို့ ငွေလိမ်လုပ်ငန်းတွေကို နိုင်ငံတွင်းကနေ ရှင်းထုတ်ပြီးပြီဆိုရင် ကျနော်တို့ လျှပ်စစ်ဓာတ်အားနဲ့ အင်တာနက် ထောက်ပံ့မှု ပြန်ပေးမှာပါ” လို့ သမီးဖြစ်သူ ထိုင်းဝန်ကြီးချုပ် ပေသွန်ထန်ဦးဆောင်တဲ့ အာဏာရ ဖူထိုင်းပါတီရဲ့ နောက်ကွယ်က ခေါင်းဆောင်လို့ ယုံကြည်ရသူ သက်ဆင်က ပြောပါတယ်။
ထိုင်းနိုင်ငံကနေ ဓာတ်အားဖြတ်တောက်ခံရပြီး နောက်ပိုင်း လာအိုနိုင်ငံဆီကနေ လျှပ်စစ်ဝယ်ဖို့ မြန်မာဘက်က ပြင်ဆင်နေမှုနဲ့ ပတ်သက်လို့တော့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို ကာကွယ်ဖို့အတွက် မြန်မာဘက်ကို လောင်စာဆီ ထောက်ပံ့နေမှု ရပ်တန့်ထားတယ်လို့ သက်ဆင်က မှတ်ချက်ပေးပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ အခြေစိုက်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းကြီး တစ်ခုကို ဖြိုခွင်းဖို့ အိမ်ရှင်နိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ လည်း ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်ကစလို့ ထိုင်းနိုင်ငံဟာ ငွေလိမ်လုပ်ငန်းတွေ တည်ရှိတယ်လို့ ယူဆရတဲ့ မြန်မာနယ်စပ်က ဒေသငါးခုဆီ လျှပ်စစ်ဓာတ်အား၊ အင်တာနက် ဝန်ဆောင်မှုနဲ့ လောင်စာဆီ ထောက်ပံ့မှုတို့ကို ဖြတ်တောက်ထားပါတယ်။ အဲဒါကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာနိုင်ငံဟာ လာအိုနိုင်ငံထံကနေ ဓာတ်အားဝယ်ယူဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။
Ref:BangkokPost