ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၀
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ဖုန်းကနေ ဆွေးနွေးခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ပြောကြားကြောင်း New York Post သတင်းဌာနက ဖော်ပြပါတယ်။
ဒါဟာ ၂၀၂၂ နှစ်ဆန်းပိုင်းနောက်ပိုင်း အမေရိကန်သမ္မတနဲ့ ပူတင်တို့ကြား ပထမဆုံး တရားဝင် အသိပေးထားတဲ့ ဆက်သွယ်ဆွေးနွေးမှု ဖြစ်ပါတယ်။
![](https://i0.wp.com/burmese.thanlwintimes.com/wp-content/uploads/2025/02/Screenshot-2025-02-10-171254.png?resize=640%2C432&ssl=1)
ယူကရိန်းစစ်ပွဲ အဆုံးသတ်အောင် လုပ်မယ်လို့ ကတိပေးထားပေမယ့် သူ့ရဲ့ အစီအစဉ်တွေကို လူသိရှင်ကြား မချပြရသေးတဲ့ သမ္မတ ထရန့်က ပဋိပက္ခ ပြေလည်စေရေး ရုရှား၊ ယူကရိန်း နှစ်နိုင်ငံစလုံးနဲ့ ဆွေးနွေးနေတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောကြားခဲ့ပေမယ့် နောက်ထပ် အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုထားတာ မရှိပါဘူး။
ဖေဖော်ဝါရီ ၇ ရက်မှာ Air Force One လေယာဉ်ပေါ်မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအတွင်း သမ္မတ ထရန့်က ပူတင်နဲ့ ဘယ်နှစ်ကြိမ် ဆွေးနွေးပြီးပြီလဲဆိုတာကို မပြောတာ ပိုကောင်းလိမ့်မယ်လို့ New York Post သတင်းဌာနသို့ ပြောကြားခဲ့တာပါ။
နောက်ဆုံး ဆက်သွယ်ဆွေးနွေးခဲ့တာ ဘယ်အချိန်ကလဲ ဆိုတာကိုလည်း ထရန့်က ထုတ်မပြောပါဘူး။သမ္မတ ပူတင်က လူတွေ သေဆုံးနေရတာကို မမြင်ချင်တော့ဘူးလို့ ထရန့်က ပြောပါတယ်။
ရုရှားသမ္မတရဲ့ ကရင်မလင်နန်းတော် ပြောခွင့်ရ ဒီမီထရီ ပက်စကော့ဗ်ကတော့ မတူညီတဲ့ ဆက်သွယ်မှုတွေ အများကြီး ထွက်ပေါ်လာနေတယ်လို့ TASS သတင်းဌာနသို့ ပြောဆိုထားတာပါ။
![](https://i0.wp.com/burmese.thanlwintimes.com/wp-content/uploads/2025/02/Screenshot-2025-02-10-171345.png?resize=640%2C426&ssl=1)
သမ္မတနှစ်ဦးအကြား ဆွေးနွေးမှု တစ်ခု ဒါမှမဟုတ် ဆွေးနွေးမှု တော်တော်များများ ရှိခဲ့သလားဆိုတာကို အမေရိကန် အမျိုးသား လုံခြုံရေးအကြံပေး မိုက်ဝေါ့ဇ်ကလည်း အတည်ပြု ပြောဆိုဖို့ ငြင်းဆိုထားပါတယ်။
စစ်ပွဲကို အဆုံးသတ်စေလိုတယ်လို့ ထရန့်က ပြောကြားထားပြီး ပူတင်နဲ့ လူကိုယ်တိုင် တွေ့သွားမယ်လို့ ဆိုထားပေမယ့် တွေ့ဆုံဆွေးနွေးမယ့် နေရာနဲ့ အချိန်ကို လူသိရှင်ကြား ကြေညာထားတာ မရှိသေးပါဘူး။
ဆော်ဒီအာရေးဗီးယားနဲ့ ယူအေအီးကို ဆွေးနွေးပွဲ လက်ခံ ကျင်းပပေးနိုင်မယ့် နိုင်ငံတွေအဖြစ် ရုရှားက ရှုမြင်ထားကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
လာမယ့် ရက်ပိုင်းအတွင်း ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့ ဆွေးနွေးရေး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ ယူကရိန်း စစ်ပွဲဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်နဲ့ ဒုသမ္မတတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဥရောပသို့ သွားရောက်ဖို့ ရှိနေပါတယ်။
သမ္မတ ပူတင်ကို ဆွေးနွေးပွဲ စားပွဲဝိုင်းသို့ ရောက်လာစေရေး ဖိအားပေးတဲ့ အနေနဲ့ ထရန့်က အရေးယူ ပိတ်ဆိုမှုတွေနဲ့ အခွန်တွေကို အသုံးချဖို့ ဆန္ဒရှိနေတယ်လို့ အမျိုးသား လုံခြုံရေးအကြံပေး မိုက်ဝေါ့ဇ်က ပြောဆိုပါတယ်။
ယူကရိန်းသို့ ပေးထားရတဲ့ အကူအညီတွေအတွက် ယူကရိန်းရှိ မြေရှား သတ္ထုတွေ အသုံးပြုခွင့် ရရှိရေး အမေရိကန်က ဆွေးနွေးသွားမှာ ဖြစ်တယ်လို့လည်း ပြောကြားထားတာ ဖြစ်ပါတယ်။
Ref:Reuters