မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၁

ကိုယ့်ကြမ္မာ ကိုယ်ဖန်းတီးပိုင်ခွင့်ရှိတဲ့ လွတ်လပ်တဲ့ မွန်ပြည်တည်ထောင်နိုင်ရေး ရည်ရွယ်ချက်နဲ့ မွန်အမျိုးသားနေ့အခမ်းအနားကို ကျင်းပလာခဲ့တာ လာမယ့်ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ၇၈ နှစ်ပြည့်မြောက်တော့မှာပါ။

သမလ၊ ဝိမလ မင်းညီနောင်နှစ်ပါးကနေ ဟံသာဝတီပြည်ကို တည်ထောင်ခဲ့တဲ့ တပို့တွဲလဆုတ် ၁ ရက်နေ့ကိုအစွဲပြုပြီး မွန်တစ်မျိုးသားလုံးရဲ့ နေ့ထူးနေ့မြတ်အဖြစ် မွန်အမျိုးသားနေ့ကို သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ခေတ်အဆက်ဆက် ကိုယ့်ထီးကိုယ့်နန်းနဲ့ အချုပ်အခြာအာဏာအပြည့် နေလာခဲ့တဲ့ မွန်လူမျိုးတွေဟာ ကောဇာသက္ကရာဇ် ၁၁၁၉ ခုနှစ် ဟံသာဝတီပျက်သုဉ်းချိန်ကစပြီး ဒီကနေ့အထိ အချုပ်အခြာ အာဏာ ဆုံးရှုံးခဲ့ရပါတယ်။

အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ နိုင်မာဃက လွတ်မြောက်ချင်တဲ့ ဆန္ဒရှိရင်းစွဲမှန်ရင် တကယ်အလုပ်လုပ်ဖို့ လိုတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ မလွတ်မြောက်သေးတဲ့ လူမျိုးတစ်မျိုးက လွတ်မြောက်ချင်တဲ့စိတ်ဆန္ဒ တကယ် ရှိ ရင်းစွဲမှန်တယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ဘာလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲဆိုတာကို မပြောလည်း သိပါတယ်။ ကျွန်တော်တို့ ဒီအချိန်မှာ တကယ်အလုပ်လုပ်ဖို့ လိုပါတယ်” လို့ ဆိုပါတယ်။

မွန်အမျိုးသားနေ့ရောက်တိုင်း ဇာတိသွေး ဇာတိမာန် နိုးကြားစေဖို့ မွန်လူမျိုးတွေနေထိုင်တဲ့ရပ်ကွက် ကျေးရွာတွေ နေအိမ်တွေမှာ အမျိုးသားအလံလွှင့်ထူတတ်ကြပါတယ်။

ဒါ့အပြင် အမျိုးသားနေ့အခမ်းအနားကို မွန်၊ ကရင်၊ တနင်္သာရီ၊ ရန်ကုန်နဲ့ ပဲခူးတို့မှာ နှစ်စဉ်ကျင်းပကြသလို ပြည်ပရောက် မွန်လူမျိုးတွေကလည်း သက်ဆိုင်ရာနိုင်ငံတွေမှာ ရက်ပိုင်းခြားပြီး ကြိုတင်ကျင်းပကြတာလည်း ရှိနေတာပါ။

အခမ်းအနားတွေမှာ ရည်မှန်းချက် မမေ့ပျောက်အောင် လွတ်လပ်တဲ့မွန်ပြည်ရရှိရေး ဆက်လက်တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ မိန့်ခွန်းတွေ ကြွေးကြော်သံတွေ အစဉ်အလာမပျက်ခဲ့ပါဘူး။

ဒါပေမယ့် လက်တွေ့ အကောင်အထည်ဖော်မှုမှာတေ့ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေတွေကြားမှာ မွန်တစ်မျိုးသားလုံး ပါဝင်လာနိုင်ခြင်းမရှိဘဲ အားနည်းနေခဲ့ပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက ဦးတည်ချက် မပပျောက်အောင် မွန်အမျိုး သားနေ့ကို ဆက်လက်ကျင်းပနေခဲ့တာမို့ လက်ရှိ နိုင်ငံရေးအခြေအနေအရ လက်နက်ကိုင်တော်လှန်တိုက်ပွဲဝင်ရုံကလွဲရင် အခြားမရှိဘူးလို့ ပြောပါတယ်။

“မွန်အမျိုးသားနေ့ဆိုတာ မွန်ပြည်လုံးဝလွတ်မြောက်ဖို့အတွက် ရှေးမျိုးချစ်မွန်ခေါင်းဆောင်ကြီးတွေက မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပြီး ဒီရည်မှန်းချက် ဦးတည်ချက် မပပျောက်အောင် မွန်အမျိုးသားနေ့ကို ဆက်လက်ကျင်းပနေခဲ့တာဖြစ်တယ်။ ဒီမြင့်မြတ်တဲ့ နိုင်ငံရဲ့ ဦးတည် ချက်ဖြစ်တဲ့ လွတ်လပ်တဲ့ မွန်ပြည်တည်ထောင်ဖို့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်တည်ထောင်ဖို့က ဒီနေ့နိုင်ငံရေးအခြေအနေအရ လက်နက်ကိုင်တော်လှန်တိုက်ပွဲဝင်ခြင်းမှတပါး ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ မွန်လူငယ်အပေါင်းနဲ့ မွန်ပြည်သူပြည်သားအပေါင်းကို မြင့် မြတ်တဲ့ မွန်အမျိုးသားနေ့ အခါသမယမှာ တိုက်တွန်းပြောကြားလိုပါတယ်ခင်ဗျာ” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲမဲမသမာမှု အကြောင်းပြချက်နဲ့ စစ်တပ်က နိုင်ငံ့အာဏာကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သိမ်းယူပြီးနောက်ပိုင်း မွန်နိုင်ငံရေးအင်အားစုတွေနဲ့ မွန်လူထုတွေကြား အမြင်သဘောထားတွေ ကွဲလွဲခဲ့ကြပါတယ်။

အဲဒီအတွက်ကြောင့် မွန်အမျိုးသားလွတ်မြောက်‌ရေးအတွက် ဘုံရည်မှန်းချက်ဖြစ်တဲ့ အမျိုးသားတန်တူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည် ဆောက်ရေးမှာ ချဉ်းကပ်မှုပုံစံမတူညီခဲ့ကြပါဘူး။

အမျိုးသားလွတ်မြောက်ရေးအတွက် နှစ်ပေါင်း ၇၀ ကျော် လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့တဲ့ မွန်ပြည်သစ်ပါတီက အာဏာသိမ်းမှုအတွင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့သာ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ရပ်တည်လာခဲ့တာပါ။

အာဏာမသိမ်းခင်မှာ မွန်လူထုတွေရဲ့ ထောက်ခံမှုကို ရရှိခဲ့တဲ့ မွန်ညီညွတ်‌ရေးပါတီကလည်း စစ်ကောင်စီခင်းပေးတဲ့လမ်းအတိုင်းလျှောက်ဖို့ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်နှစ်ဦးကို စေ လွှတ်ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ အင်အားစုတွေကတော့ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအပြောင်းအလဲမှာ မွန်လက်နက်ကိုင်တပ်တွေ တော်လှန်ရေးအဖွဲ့တွေကို တည်‌ထောင်ခဲ့ကြပါတယ်။

ရာမညစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသီရိမွန်ချမ်းက လက်ရှိအခြေအနေမှာ မွန်အ မျိုးသားလွတ်မြောက်ရေးအတွက် အချိန်အခါကောင်းတစ်ခုဖြစ်လို့ စွမ်းဆောင်နိုင်တဲ့ အခန်းကဏ္ဍကနေ တိုက်ပွဲဝင်ဖို့ တိုက်တွန်းတာပါ။

“မျက်မှောက် မြန်မာပြည်မှာ ဖြစ်ပေါ်တိုးတက်နေတဲ့ နိုင်ငံရေး စစ်ရေး လူမှုရေး စီးပွားရေး အခြေအ နေအရပ်ရပ်ဟာ မိမိတို့ မွန်အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲအတွက်ပဲပြောပြော မိမိတို့ကံ ကြမ္မာကို မိမိတို့ဖန်တီးခွင့် အပြည့်အဝရရှိရေးတိုက်ပွဲအတွက်ပဲပြောပြော အချိန်ကောင်းအခါကောင်းတစ်ခုဖြစ်တယ်။ စစ်ကောင်စီက နိုင်ငံရေး စစ်ရေး သံတမန်ရေးအစရှိတဲ့ နယ်ပယ်အရပ်ရပ်မှာ ကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတယ်။ မွန်အမျိုးသားလွတ်မြောက်ရေးအတွက် လှည်းနေလှေအောင်း မြင်းစောင်းမကျန် ပြည်တွင်းပြည်ပမှာရှိနေကြတဲ့ မွန်လူငယ်တွေအပါအဝင် မွန်တစ်မျိုးသားလုံး မိမိကျရာအခန်းကဏ္ဍ မိမိစွမ်းဆောင်နိုင်တဲ့ အခန်းကဏ္ဍကနေ လက်တွဲညီညီ တိုက်ပွဲဝင်သွားကြဖို့ အထူးလိုအပ်တယ်”လို့ ဆိုပါတယ်။

လက်ရှိ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးတိုက်ပွဲမှာ မွန်လူမျိုးတွေက အခြားလူမျိုးစုတွေထက် နောက်ကျခဲ့ပေမယ့် ဖွဲ့စည်းထားတဲ့ မွန်လက်နက်ကိုင်တပ်တွေ တော်လှန်ရေးအဖွဲ့အစည်းတွေဟာ ကိုယ့်အရွေ့နဲ့ကိုယ် ဆက်သွားနေပါတယ်။

ဗျူဟာမြောက်စစ်ဆင်ရေးတွေ ဆင်နွှဲနိုင်ဖို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA၊ မွန်ပြည်သစ်ပါတီ AD ရဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA-AD၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF နဲ့ မွန်ပြည်တော် လှန်ရေးတပ် MSRF တို့ ရာမညပူးတွဲစစ်ကြောင်းကို အခုနှစ်ဆန်းပိုင်းမှာ ဖွဲ့စည်းထားတာပါ။

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးအတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရှိနေပြီး မွန်လက်နက်ကိုင်အဖွဲ့တွေနဲ့အတူ ပြည်နယ်အတွင်းရှိ မွန်လူထုတွေအပါအဝင် အ ခြားလူမျိုးစုတွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.