မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၁

မွန်ပြည်နယ်တဝန်းမှာ အခုနှစ်ဆန်းပိုင်းကစပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာတဲ့အတွက် ပြည်သူတွေအနေနဲ့ လိုအပ်တာတွေ ကြိုတင်ပြင်ဆင်ထားကြဖို့ တော် လှန်ရေးအင်အားစုတွေက သတိပေးလိုက်ပါတယ်။

စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုအားကောင်းတဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရော၊ ရေးနဲ့ သံဖြူဇရပ်မြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ အခုနှစ် ဇန်နဝါရီ လနဲ့ ဖေဖော်ဝါရီ ဒုတိယအပတ်အတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ ထက်မနည်း ပြုလုပ်ထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေထဲမှာ ဒရုန်းနဲ့ဗုံးကြဲတာ၊ အသေခံဒရုန်းနဲ့တိုက်ခိုက်တာအပြင် ပေါင် ၅၀၀ ဗုံးတွေနဲ့ပါ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေထဲကို တိုက်ခိုက်မှုတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တာဝန်ခံ ကိုအေးမင်းထွန်းကတော့ စစ်ကောင်စီဟာ မြေပြင်မှာ ထိုးစစ်မဆင်နိုင်တာကြောင့် အရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

“မြေပြင်မှာ သူတို့ထိုးစစ်မဆင်နိုင်ဘူး။ မဆင်နိုင်တော့ လေကြောင်းကိုအားပြုတယ်။ အားပြုတယ်ဆိုတာကလည်း ဘယ်လိုပြောမလဲ ရမလားဆိုတဲ့ပုံစံနဲ့ပါပဲ။ သူတို့ အကျင့်ယုတ်စရာဒါပဲရှိတာလေ။ စစ်ကိုစစ်နဲ့တူအောင် သူတို့မှမသွားတာ၊ ရှုံးပြီးဆိုရင် ပြည်သူ့အိုးအိမ်တွေ လေယာဉ်နဲ့ လိုက်ကြဲမယ်။ နောက်ဘာသာရေး အဆောက်အဦးတွေ လေယာဉ်နဲ့လိုက်ကြဲမယ်။ စာသင်ကျောင်းတွေ လေယာဉ်နဲ့ ကြဲမယ်။ ဒါပဲသူတို့ လုပ်တတ်တာလေ” လို့ ဆိုပါတယ်။

အခုနှစ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မွန်ပြည်နယ်မှာ ဘုရားစေတီ၊ ဘာ သာရေးအဆောက်အအုံတွေ၊ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေအပါအဝင် နေအိမ် ၅၀ ထက်မနည်း ထိခိုက်ပျက်စီးထားပြီး အရပ်သားပြည်သူ ၁၀ ဦးထက်နည်း ထိခိုက်ဒဏ်ရာရရှိထားတာပါ။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးကတော့ စစ်ကောင်စီဟာ သူတို့ အရေးနိမ့်ပါက ပြည်သူကို ရန်သူသဖွယ် ဆက်ဆံပြီး ဗုံးကြဲမှုတွေ လုပ်ဆောင်နေတဲ့အတွက် လိုအပ်တာတွေ ကြိုတင်ပြင်ဆင်ထားဖို့ တိုက်တွန်းပါတယ်။

“အကြမ်းဖက် စစ်ကောင်စီတွေက သူတို့စစ်အခြေအနေ မကောင်းဘူး။ အရေးနိမ့်လာတဲ့ အချိန်တွေမှာဆိုရင် ဒီပြည်သူတွေကိုတောင်မှ ရန်သူသဖွယ် ဆက်ဆံပြီးတော့ နေရာအနှံ့ ဗုံးကြဲတာတွေရှိတယ်။ တချို့ ဒေသတွေမှာ ဆိုလို့ရှိရင် ဒေသမှာတိုက်ပွဲမဖြစ်တာတောင်မှ စိတ်အထင်နဲ့ မှန်းခြေနဲ့ ဗုံးတွေကြဲတယ်။ တိုက်ခိုက်တာတွေရှိတဲ့အတွက်ကြောင့် ပြည်သူတွေအနေနဲ့ကတော့ အတတ်နိုင်ဆုံး စစ်ကောင်စီရှိတဲ့နေရာတွေနဲ့ ဝေးရာမှာနေကြဖို့ စစ်ကောင်စီတပ်တွေ ဝင်လာလို့ရှိရင် ကိုယ့်ရဲ့ဒေသကနေပြီး ခွာကြဖို့နော်။ ပြီးတော့ တိုက်ပွဲဖြစ်လို့ရှိရင်လည်း တိမ်းရှောင်နိုင်ဖို့ တိမ်းရှောင်လို့မရရင်လည်း ဗုံးခိုကျင်းတွေ အခုကတည်းက ကြိုတင်တူးထားဖို့ ကျွန်တော်အနေနဲ့ အကြံပြုလိုပါတယ်ခင်ဗျ”လို့ ပြောပါတယ်။

စစ်ကောင်စီဟာ အခုနောက်ပိုင်း မြေပြင်စစ်ဆင်ရေးတွေမှာ အကြီးအကျယ် ရှုံးနိမ့်လာတဲ့အတွက် လေကြောင်းကိုသာ အဓိကအားထားကာ နိုင်ငံအတွင်းရှိ နေရာအနှံ့အပြားကို နေ့စဉ်ဗုံးကြဲတိုက် ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေအပြင် ပြည်သူတွေရဲ့ အိုး အိမ်တွေကိုပါ အဓိကပစ်မှတ်ထား တိုက်ခိုက်လာတာကြောင့် ပြည်သူတွေပါ ထိခိုက်သေဆုံးဒဏ် ရာရမှုတွေ နေ့စဉ်ဆိုသလိုရှိလာတာ ဖြစ်ပါတယ်။

သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ BMC ရဲ့ လေ့လာတွေ့ရှိချက်တွေအရ လေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူအများအပြားစုဝေးတဲ့ ဈေး၊ အလှူအတန်းနေရာ၊ ပွဲလမ်းသဘင်၊ ဘာသာရေးပွဲတော်တွေ၊ ဆေးရုံဆေးခန်းတွေနဲ့ ကျောင်းတွေကိုပါ တိုက်ခိုက်နေတာပါ။

၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ နိုဝင်ဘာအထိ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်ခံရမှု ကြိမ်‌ရေ ၄၀၂၀ ကျော် ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၃၄၀၀ ကျော်နဲ့ သေဆုံးသူ ၂၂၅၀ ကျော်ရှိခဲ့တယ်လို့ BMC ဇန်နဝါ ရီ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.