ဒိုက်ဦး၊ ဖေဖော်ဝါရီ ၈

နိုင်ငံတစ်ဝန်းရှိ စစ်ကောင်စီရဲ့ အကျဉ်းထောင်လေးခုမှာ အကျဉ်းဦးစီးဝန်းထမ်းတွေက နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေထံ ဆက်သွယ်ပြီး အကြောင်းအမျိုးမျိုးပြကာ ငွေကြေး လိမ်လည်တောင်းဆိုမှုတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။

စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေဖြစ်တဲ့ ဒိုက်ဦးအကျဉ်းထောင်၊ အိုးဘိုအကျဉ်းထောင်၊ မြိတ်အကျဉ်းထောင်နဲ့ ညောင်ဦးအကျဉ်းထောင်တွေမှာ အကျဉ်းဦးစီးဝန်ထမ်းတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလအစောပိုင်းကစပြီး နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကို ဆက်သွယ်ကာ ငွေကြေး လိမ်လည်တောင်းခံနေတာပါ။

ဒိုက်ဦးထောင် အိပ်ဆောင် ၄ ရဲ့ အဆောင်မှူး မျိုးသီဟအောင်က နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကို ဆက်သွယ်ကာ နိုင်ငံရေးအကျဉ်းသားတွေ ဆေးရုံတက်နေရတာကြောင့် ငွေကြေးအရေးပေါ်လိုအပ်နေတယ်လို့ဆိုကာ မကြာခဏ ငွေကြေးလိမ်လည်တောင်းခံနေတယ်လို့ ဆိုပါတယ်။

အကျဉ်းသားမိသားစုဝင်တွေကိုလည်း ဆေးရုံတက်နေရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဧည့်တွေ့ခွင့်ရချိန်မှာ မမေးဖို့နဲ့ ဧည့်တွေ့ချိန်မှာ မေးပါက နောက်ထပ်အမှုတွေနဲ့ပါ ထပ်မံ အရေးယူမယ်လို့ ခြိမ်းခြောက်ပြောဆိုမှုတွေရှိနေပါတယ်။

အဆောင်မှူး မျိုးသီဟအောင်အပါအဝင် ဒိုက်ဦးအကျဉ်းထောင်ဝန်ထမ်းတွေဟာ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေထံမှ အနည်းဆုံး ငွေကျပ် တစ်သိန်းကစပြီး သိန်းတစ်ရာဝန်းကျင်အထိ လိမ်လည်တောင်းခံတဲ့ အခြားကိစ္စရပ်တွေမှာလည်း သက်သေတွေ ရရှိထားတယ်လို့ PPNM က ဆိုပါတယ်။

အိုးဘို အကျဉ်းထောင်မှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဖြစ်ပွားခဲ့တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါအပေါ် အခွင့်ကောင်းယူကာ နိုင်ငံရေးအကျဉ်းသူတွေရဲ့ မိသားစုဝင်တွေကို အကျဉ်းဦးစီးဝန်ထမ်း ဆုပိုပိုလင်းက ဆက်သွယ်ပြီး ဓာတ်ဆားထုပ် ဝယ်ယူဖို့ဆိုကာ ငွေကျပ် ငါးသောင်းကနေ တစ်သိန်းကျပ်အထိ တောင်းခံခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီကနေ့အချိန်ထိ အိုးဘိုအကျဉ်းထောင်မှာ အခြားကျန်းမာရေးနဲ့ ထောင်မပြောင်းရရေးအတွက် ငွေကြေးလိမ်လည်တောင်းခံမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အလားတူ မြိတ်အကျဉ်းထောင်နဲ့ ညောင်ဦးအကျဉ်းထောင်မှာလည်း အကျဉ်းဦးစီးဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသားတွေ ပစ္စည်းမှာခိုင်းတာနဲ့ ပိုက်ဆံတောင်းခိုင်းတယ်လို့ ဆိုကာ ငွေကြေးလိမ်လည် တောင်းခံတာတွေ ရှိနေတယ်လို့ သိရပါတယ်။

PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်ဦးက လက်ရှိကာလ အထွေအထွေအကြပ်အတည်းတွေကြောင့် ပြည်သူလူထုတစ်ရပ်လုံး ဒုက္ခရောက်နေတဲ့ အခြေအနေမျိုးမှာ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ မိသားစုဝင်တွေရဲ့ ချွေးနှဲစာနဲ့ ရှာထားတဲ့ ငွေတွေကို နာမည်အလွှဲသုံးစားလုပ်ပြီး လိမ်လည်တဲ့ ကိစ္စတွေဟာ မဖြစ်သင့်တဲ့ ကိစ္စဖြစ်ပြီး PPNM အနေနဲ့လည်း အပြင်းအထန် ရှုတ်ချတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါကြောင့် နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေအနေနဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေရဲ့ ငွေကြေးလိမ်လည်တောင်းခံမှုကို အထူးသတိထားဖို့နဲ့ သေချာ စိစစ်မေးမြန်းပြီးမှသာ ငွေလွှဲကြဖို့ PPNM က သတိပေး ထုတ်ပြန်ထားပါတယ်။

တစ်ဖက်မှာလည်း ငွေကြေးလိမ်လည်တောင်းခံနေတဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေအနေနဲ့လည်း အခုလို ငွေကြေးလိမ်လည် တောင်းခံနေတဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့နဲ့ ဒီထက်အခြေအနေ ဆိုးရွားလာပါက လူမှုရေးပြစ်ဒဏ်တွေကိုပါ ချမှတ် ပေးနိုင်ဖို့အတွက် ကျူးလွန်သူကို ဓာတ်ပုံနဲ့ တကွ ထုတ်ပြန်သွားမယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PPNM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.