မြဝတီ ဖေဖော်ဝါရီ ၈

ထိုင်းနိုင်ငံက မြန်မာနိုင်ငံရဲ့ နယ်စပ်နေရာတချို့ဆီ လျှပ်စစ်ဓာတ်အား၊ အင်တာနက်နဲ့ လောင်စာဆီ ထောက်ပံ့မှုတွေ ဖြတ်တောက်လိုက်မှုအပေါ် ဆန့်ကျင်ဆန္ဒဖော်ထုတ်တဲ့အနေနဲ့ မြဝတီမြို့ရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ၁ နဲ့ ၂ တို့မှာ ဖေဖော်ဝါရီ ၈ ရက် မနက်ပိုင်းက စုရုံးခဲ့ကြပါတယ်။

နိုင်ငံတကာရဲ့ လုံခြုံရေးအရ စိုးရိမ်မှုတွေ မြင့်တက်လာစေခဲ့တဲ့ အဲဒီဒေသတွေမှာရှိတဲ့ ဖုန်းခေါ်ဆိုစင်တာ လူလိမ်လုပ်ငန်းတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ ရပ်ဆိုင်းစေဖို့ ရည်ရွယ်ချက်နဲ့ လျှပ်စစ်ထောက်ပံ့မှုတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်ကစလို့ ထိုင်းဘက်က ဖြတ်တောက်ခဲ့တာပါ။

မြန်မာ-ထိုင်း နယ်စပ်မြို့နယ်တွေဖြစ်တဲ့ တာချီလိတ်၊ မြဝတီနဲ့ ဘုရားသုံးဆူတို့မှာ အဲဒီဖြတ်တောက်မှု ထိရောက်ခံစားရမယ်လို့ ထိုင်းပြည်ထဲရေးဝန်ကြီး Anutin Charnvirakul က ပြောဆိုထားပါတယ်။

ဒီနေ့မနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်မှာ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား အမှတ် ၁ မှာ ဆန္ဒပြသူတချို့ စုရုံးခဲ့ပြီး မြဝတီမြို့ထဲက လမ်းတော်တော်များများကို ဖြတ်သန်းကာ ချစ်ကြည်ရေးတံတား အမှတ် ၂ ဆီ ဦးတည် ချီတက်ခဲ့ကြတာပါ။

ဒါ့အပြင် ဆန္ဒပြခေါင်းဆောင်တွေဟာ စင်မြင့်ထက်ကနေ ဟောပြောမှုတွေကို လုပ်ဆောင်ခဲ့ကြပြီး အခုလို ဖြတ်တောက်မှုတွေကြောင့် ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ ထိုင်းဘက်က တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ မြန်မာဒေသအာဏာပိုင်တွေကို တိုက်တွန်း ပြောဆိုခဲ့တယ်လို့ The Nation သတင်းက ရေးပါတယ်။

ဆန္ဒပြသူတွေဟာ မွန်းတည့်ချိန်လောက်မှာ သူတို့ရဲ့ စုရုံးလှည့်လည်မှုကို အဆုံးသတ်နိုင်ချေရှိတယ်လို့ သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။

ကနဦးမှာတော့ ပြည်သူလူထုအတွက် မဖြစ်မနေလိုအပ်တဲ့ ဝန်ဆောင်မှုတွေ ပြန်လည်လည်ပတ်နိုင်စေဖို့ အစိုးရလက်အောက်ခံ ဌာနတွေနဲ့ ဆေးရုံတွေဆီ လျှပ်စစ်ဓာတ်အား အလျင်အမြန် ပေးပို့နိုင်ရေး ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက ထိုင်း ဒုဝန်ကြီးချုပ် Phumtham Wechayachai ထံ တရားဝင် တောင်းဆိုထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြဝတီမြို့မှာရှိတဲ့ စက်သုံးဆီဆိုင် ၂၀ လောက်မှာ တစ်ဆိုင်ကို ဆီတင်ယာဉ် တစ်စီးနှုန်းဖြင့် အကန့်အသတ်နဲ့ လောင်စာဆီ တင်ပို့မှုတွေ ပြန်လည်စတင်နိုင်ဖို့ ဦးကောင်းစံလင်းက တောင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာတော့ မြဝတီကုန်သွယ်ရေးအဖွဲ့က နယ်စပ်ကုန်သွယ်ရေးကို မှီတည်နေရတဲ့ မြဝတီမြို့ထံ လျှပ်စစ်ဓာတ်အားနဲ့ လောင်စာဆီထောက်ပံ့မှု ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးဖို့ ထိုင်းနိုင်ငံဆီ အသနားခံစာတင်ထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

Ref:TheNation
Photo Crd The Standard

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.