ဘန်ကောက်၊ ဖေဖော်ဝါရီ ၈
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာဟာ လက်ရှိ အာဆီယံ ဥက္ကဌ မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟမ်နဲ့ အကျိုးရလဒ်ထွက်ပေါ်ခဲ့တဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် အခုတဖန် မြန်မာ့ပဋိပက္ခတွေကို ဖြေရှင်းဖို့ ကြိုးစားတဲ့အနေနဲ့ အာဆီယံ ခေါင်းဆောင်တွေနဲ့ အလွတ်သဘော ဆွေးနွေးမှုတွေ လုပ်ဆောင်မယ်လို့ ဖေဖော်ဝါရီ ၇ ရက်မှာ ထုတ်ပြောလာပါတယ်။
အခုလ အစောပိုင်း မလေးရှားနိုင်ငံဆီ သွားရောက်ခဲ့တဲ့ သက်ဆင်က ဝန်ကြီးချုပ် အန်ဝါဟာ ဒီဂျစ်တယ် ငွေကြေးနဲ့ပတ်သက်လို့ အမေရိကန်သမ္မတ ဒေါနယ်ထရန့်ရဲ့ မူဝါဒ၊ မြန်မာနိုင်ငံက ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သူ့ဆီကနေ အကြံဉာဏ်ရယူခဲ့တယ်လို့ ဆိုပါတယ်။
![](https://i0.wp.com/burmese.thanlwintimes.com/wp-content/uploads/2025/02/Screenshot-2025-02-08-162859.png?resize=640%2C376&ssl=1)
မြန်မာ့အရေးကို အာဆီယံက ဖြေရှင်းနိုင်စွမ်းမရှိတာဟာ ဒေသတွင်းအဖွဲ့ကြီးရဲ့ အနေအထားနဲ့ နိုင်ငံတကာအသိုင်းအဝန်းကြားမှာ အဖွဲ့ကြီးရဲ့ ယုံကြည်ခံထိုက်မှုတို့အပေါ် သက်ရောက်မှုရှိစေခဲ့တဲ့အကြောင်း၊ ဒါ့အပြင် သူဟာ အာဆီယံခေါင်းဆောင် တချို့နဲ့ ရင်းနှီးမှုရှိတာကြောင့် ဝန်ကြီးချုပ် အန်ဝါက သူ့ကို ကူညီပေးဖို့ ပြောတဲ့အကြောင်း၊ အနာဂတ်ကာလမှာလည်း အဲဒီခေါင်းဆောင်းတွေနဲ့ တွေ့ဆုံဖို့ အချိန်ယူလုပ်ဆောင်မယ့်အကြောင်း သက်ဆင်က ပြောဆိုခဲ့တယ်လို့ Thai PBS သတင်းက ရေးပါတယ်။
![](https://i0.wp.com/burmese.thanlwintimes.com/wp-content/uploads/2025/02/Screenshot-2025-02-08-162910.png?resize=640%2C374&ssl=1)
လက်ရှိမြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ တပ်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေကြားက တိုက်ခိုက်မှုတွေဟာ အွန်လိုင်းငွေလိမ်ဖုန်းခေါ်ဆို စင်တာတွေလိုမျိုး တရားမဝင် စီးပွားရေးလုပ်ငန်းတွေဆီကနေ ရရှိထားတဲ့ ငွေတွေနဲ့ တစ်စိတ်တပိုင်း ငွေကြေးထောက်ပံ့ထားကြောင်း၊ အဲဒီလို ငွေကြေးထောက်ပံ့မှုတွေကို ဖြတ်တောက်တဲ့နေရာမှာ အခုလုပ်ဆောင်နေတဲ့ တရားမဝင် လုပ်ငန်းတွေကို ဖြိုခွင်းမှုတွေက ကူညီပေးနိုင်လိမ့်မယ်လို့ သက်ဆင်က ထပ်လောင်း ပြောကြားထားတာပါ။
လျှပ်စစ်မီး၊ လောင်စာဆီ ထောက်ပံ့မှုနဲ့ အင်တာနက် ဝန်ဆောင်မှုတွေကို ဖြတ်တောက်မှုဟာ မြန်မာနိုင်ငံက ပြည်သူတော်တော်များများကို ကနဦးမှာ သက်ရောက်မှုရှိမှာ ဖြစ်ပေမယ့် အွန်လိုင်းငွေလိမ် ဖုန်းခေါ်ဆို စင်တာတွေကို ရှင်းလင်းပြီးတာနဲ့ အဲဒီ ဖြတ်တောက်မှုတွေကို ပြန်လည် ထောက်ပံ့မှုပေးသွားမယ်လို့ ဆိုထားပါတယ်။
Ref:ThaiPBS