နေပြည်တော် ၊ ဖေဖော်ဝါရီ ၉
ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူတိုင်း နိုင်ငံသားကတ်ပြားကိုင်ဆောင်ပြီး မဲပေးနိုင်ကြမှာဖြစ်တဲ့အတွက် ကြီးကြပ်မှုကော်မတီအဆင့်ဆင့်က ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြဖို့ စစ်ကောင်စီရဲ့ လဝကဝန်ကြီးက တိုက်တွန်းလာပါတယ်။
လဝကဝန်ကြီး ဦးမြင့်ကြိုင်က ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုနယ်မြေအတွင်းရှိ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်တွေနဲ့ တွေ့ဆုံတဲ့ညှိနှိုင်းအစည်း အဝေးမှာ ပြောကြားခဲ့တာပါ။
၂၀၂၅ မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ထုတ်ပြောထားတဲ့ စစ်ကောင်စီက လက်ရှိမှာမဲပေးပိုင်ခွင့်ရှိသူတွေရဲ့ အခြေခံမဲစာရင်းတွေ ပြုစုလာနေသလို အခြားသောကြိုတင်ပြင်ဆင်မှုတွေလည်း လုပ်လာနေပါတယ်။
အဲဒီထဲမှာ ပန်းခင်းစီမံချက် အဆင့် ၃ နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။
နိုင်ငံသားကတ်ပြားရရှိသူတွေကို စမတ်ကဒ်ထုတ်ပေးဖို့ e-ID စနစ်နဲ့ ကိုယ်ရေးအချက်အလက် (Biographic) နဲ့ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူပြီး ဂဏန်း (၁၀) လုံးပါ Unique ID နံပါတ်ထုတ်ပေးနေတာပါ။
ပြည်သူတစ်ဦးကတော့ သာမန်အခြေအနေမှာ အလုပ်ဖြစ်ပေမယ့် လက်ရှိအခြေအနေမှာတော့ လူ ထုကို ထိန်းချုပ်တဲ့နည်းတွေ သုံးလာနိုင်မယ့်အပေါ် တချို့ ပြည်သူတွေ စိုးရိမ်ကြတယ်လို့ ပြောပါတယ်။
“သာမန်အခြေအနေဆိုရင်တော့ ဒါကအလုပ်ဖြစ်မယ့် ကိစ္စပေါ့။ (စစ်အုပ်ချုပ်ရေး) ဒီလိုအခြေအနေမျိုးကျတော့လည်း ဒီအပေါ်မှာ တချို့ကစိုးရိမ်စိတ်ရှိတာပေါ့။ ဒီအချက်လက်တွေကို ဘယ်နေရာမှာအသုံးပြုမှာလဲ ဒါမှမဟုတ်ပြည်သူကို ရှင်းရှင်းပြောရင် တရုတ်စနစ်နဲ့ သွားမလား။ တရုတ်မှာ လူတစ်ယောက် မျက်နှာကို စကန်ဖတ်တာတို့ ဘာတို့ ကနေ လူထုကိုထိန်းချုပ်တဲ့ နည်းနဲ့သွားတာပေါ့။ အဲဒီလိုဖြစ်မှာ စိုးရိမ်စိတ်တော့ ရှိကြတာပေါ့” လို့ ဆိုပါတယ်။
ဒါပေမယ့် စမတ်ကတ်မရှိရင် စစ်ကောင်စီအောက်က ဌာနဆိုင်ရာတွေနဲ့ ဆက်ဆံတဲ့အခါ နိုင်ငံခြားထွက်တာ၊ ခရီးသွားလာတာ၊ ဘုရားဖူးထွက်တာတွေမှာ လိုအပ်တဲ့အတွက် ပြည်သူတွေ မလုပ်ချင်လည်း လုပ်နေရတဲ့အခြေအနေလို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီကတော့ Unique ID နံပါတ်ဟာ e-Government Application တွေနဲ့ တွဲဖက်အသုံး ပြုနိုင်ဖို့ အခြေခံကျတဲ့စနစ်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေးနဲ့ အခြားလူမှုရေး ဝန်ဆောင်မှုလုပ်ငန်းတွေ လျှောက်ထားရာမှာ လွယ်ကူမယ်လို့ အကြောင်းပြထားတာပါ။
တစ်ဘက်မှာ ကောက်ယူထားတဲ့ သန်းခေါင်စာရင်းကနေ ထုတ်ပြန်ခဲ့တဲ့ ရှေ့ပြေးလူဦးရေစာရင်းနဲ့ မြေပြင်ကွင်းဆင်းကောက်ယူခဲ့တဲ့ လူဦးရေစာရင်း အချက်အလက်တွေကို နှိုင်းယှဉ်ကာ ပြည့်စုံမှန် ကန်တဲ့မဲစာရင်းကို ပြုစုရမယ်လို့ လဝကဝန်ကြီးက ဆိုပါတယ်။
အဲဒီကနေရလာတဲ့ အတည်ပြုလူဦးရေစာရင်းတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ရမှာပါ။ ပေးပို့တဲ့အခါ အချက်အလက်ကွဲလွဲမှုနဲ့ မပြည့်စုံမှု၊ အချက်အလက်ထပ်နေမှုနဲ့ မပါရှိမှုတွေမဖြစ်စေရေး မြို့နယ်အဆင့်ကနေ စနစ်တကျ တိုက်ဆိုင်စိစစ်ပြီး ခရိုင်၊ တိုင်း၊ ပြည်နယ်အ ဆင့်အထိ ပြန်လည်အတည်ပြုကာ သတ်မှတ်ရက်အတွင်း ပေးပို့ရမယ်လို့ ညွန်ကြားထားတာပါ။
ဒါ့အပြင် တိုက်ပွဲနဲ့ သဘာဝဘေးကြောင့် ယာယီနေရပ်စွန့်ခွာ နေထိုင်တွေရဲ့ စာရင်းအချက်အလက်တွေရရှိဖို့ လိုအပ်သလို ဥပဒေနဲ့ကိုက်ညီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ မဲစာရင်းမှာ ပါဝင်စေရေး၊ စာရင်းမထပ်စေရေး တိုင်းနဲ့ပြည်နယ်အလိုက် ချိတ်ဆက်ညှိနှိုင်းရမယ်လို့ ပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က စစ်ကောင်စီရဲ့ ထိန်းချုပ်နယ်မြေ လျော့ကျမှုနဲ့ ဖိနှိပ်မှုတွေအပြင် တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးလှုပ်ရှားမှုများလာတဲ့အပေါ် မဲစာရင်းအမှန်အ ကန် ကောက်ယူနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။
“ဒီစာရင်းဇယားတွေဟာ ဘယ်လိုမှ မမှန်ကန်နိုင်ဘူး။ ဖြစ်လည်း မဖြစ်နိုင်ဘူး။ တစ်ဘက်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေအောက် ပြည်သူပေါင်းသုံးသန်းနီးပါး စစ်ရှောင်ဒုက္ခသည်အဖြစ် ရပ်တည်နေရတယ်။ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေ သောင်းချီပြီးတော့ ပြည်ပထွက်ခွာနေရတယ်။ အဲဒီစာရင်းဇယားတွေ သူဘယ်လိုလုပ်ပြီးတော့ အတည်ပြုခိုင်းလို့ရမလဲ။ ပြောရလို့ရှိရင် ဒီစာရင်းဇယားတွေဟာ အရင်တုန်းက သူ့မူအောက်မှာရှိတဲ့ စာရင်းဇယားတွေနဲ့ လုပ်ကိုင်သာဖြစ်ပြီး လက်တွေ့မြေပြင်အခြေအနေနဲ့ လုံးဝကိုက်ညီတဲ့ စာရင်းဇယားတစ်ခုကို ဖော်ထုတ်နိုင်တဲ့အခြေအနေ မရှိဘူးလို့ ကျွန်တော်တို့က သုံးသပ်ပါတယ် ခင်ဗျ”လို့ ဆိုပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာအရ တစ်နိုင်ငံလုံးရှိမြို့နယ်စုစုပေါင်းရဲ့ ၅၅ ရာခိုင်နှုန်းကို စစ်ကောင်စီ လက်လွှတ်ထားရပြီး ကျန်တဲ့ ၂၄ ရာခိုင်နှုန်းမှာ တိုက်ပွဲဖြစ်နေတာမို့ စစ်ကောင်စီအနေနဲ့ ၃၂ ရာခိုင်နှုန်းသာ စိုးမိုးအုပ်ချုပ်နိုင်တော့တာပါ။
၂၀၂၄ ခုနှစ် အောက်တိုဘာမှာ ကောက်ယူခဲ့တဲ့ လူဦးရေနဲ့အိမ်အကြောင်းအရာသန်ခေါင်းစာရင်းကို အခြေခံပြီး ထုတ်ပြန်ခဲ့တဲ့ ရှေ့ပြေးလူဦးရေစာရင်းအရ လူဦးရေ ၁၉ သန်းကျော်ကို မကောက်ယူနိုင်ခဲ့ဘူးလို့ စစ်ကောင်စီ ဝန်ခံထားတာပါ။
နိုင်ငံအနှံ့ တိုက်ပွဲတွေ ရင်ဆိုင်နေရပေမယ့် စစ်ခေါင်းဆောင်ကတော့ ရွေးကောက်ပွဲအောင်မြင်ဖို့ ပြင်ဆင်ရမယ့် ကိစ္စရပ်တွေကို စနစ်တကျတွက်ချက်ပြီး ဥပဒေတွေနဲ့အညီ ဆောင်ရွက်ရမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ညွန်ကြားလာတာပါ။
ရွေးကောက်ပွဲကော်မရှင်ကလည်း ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့အတွက် ပြည်တွင်းပြည်ပ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို စံနှုန်းနဲ့အညီ ခွင့်ပြုသွားမယ်လို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း ထုတ်ပြောထားပါတယ်။
နိုင်ငံတကာာ ရွေးကောက်ပွဲစောင့်ကြည်လေ့လာရေးနဲ့ အကူအညီပေးရေးအဖွဲ့တွေကတော့ ဥပဒေနဲ့မညီတဲ့ မြန်မာစစ်အုပ်စုက ၂၀၂၅ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအမည်ခံ အစီအစဉ်တွေကို ပြတ်ပြတ်သားသား ငြင်းပယ်တယ်လို့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ပူးတွဲကြေညာထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI