ဝါရှင်တန်၊ ဖေဖော်ဝါရီ ၈
ဂါဇာစစ်ပွဲအတွင်း အမေရိကန်ရဲ့လက်နက်တွေ သုံးပြီး ဆိုးဆိုးရွားရွား တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့ အစ္စရေးထံ ဒေါ်လာ ၇ ဒသမ ၄ ဘီလီယံ တန်ဖိုးရှိ ဗုံးတွေ၊ ဒုံးကျည်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချခွင့် ပြုလိုက်ကြောင်း အမေရိကန်က ဖေဖော်ဝါရီ ၇ ရက်မှာ ကြေညာပါတယ်။
ဒေါ်လာ သန်း ၆၆၀ တန်ဖိုးရှိ ငရဲမီး ဒုံးကျည်တွေအပြင် ဒေါ်လာ ၆ ဒသမ ၇၅ ဘီလီယံ တန်ဖိုးရှိ ဗုံးတွေ၊ ပဲ့ထိန်းကိရိယာတွေနဲ့ ဖျူးစ်တွေကို အစ္စရေးထံ ရောင်းချခွင့်ပြုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက လက်မှတ်ရေးထိုး အတည်ပြုလိုက်ကြောင်း အမေရိကန် ကာကွယ်ရေး လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ DSCA ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
![](https://i0.wp.com/burmese.thanlwintimes.com/wp-content/uploads/2025/02/Screenshot-2025-02-08-163801.png?resize=640%2C354&ssl=1)
ရောင်းချဖို့ အဆိုပြုထားတဲ့ ဗုံးတွေကြောင့် အစ္စရေးမှာ လက်ရှိ ရင်ဆိုင်နေရတဲ့ အန္တရာယ်တွေနဲ့ အနာဂတ်မှာ ရင်ဆိုင်ရမယ့် အန္တရာယ်တွေ အတွက် တားဆီးဖို့ စွမ်းပကား တိုးတက်လာစေမှာ ဖြစ်ပြီး မိခင်နိုင်ငံ ကာကွယ်ရေး အားကောင်းလာစေမှာ ဖြစ်သလို ဒေသဆိုင်ရာ အန္တရာယ်တွေကိုလည်း ပိုမို တားဆီးနိုင်လိမ့်မယ်လို့ DSCA က ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ဂါဇာရှိ ဟားမာ့စ်အဖွဲ့က အစ္စရေး တောင်ပိုင်းသို့ မကြုံစဖူး ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် အဲဒီလမှာပဲ အစ္စရေးက ဟားမာ့စ်ကို ကြီးကြီးမားမား တိုက်ခိုက်မှုတွေ စတင်ခဲ့ပါတယ်။
စစ်ပွဲကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ အပျက်အစီးတွေ အများကြီး ဖြစ်ပေါ်ခဲ့သလို လူသန်းပေါင်းများစွာ အိုးအိမ် စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။
![](https://i0.wp.com/burmese.thanlwintimes.com/wp-content/uploads/2025/02/Screenshot-2025-02-08-163745.png?resize=640%2C428&ssl=1)
ဂါဇာမှာ အစ္စရေးတပ်တွေ စစ်ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICC က အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟု၊ ကာကွယ်ရေး ဝန်ကြီးဟောင်းနဲ့ ဟားမာ့စ် ခေါင်းဆောင် တစ်ဦးတို့ကို ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။
ဒါကို အစ္စရေးက ပယ်ချခဲ့သလို အမေရိကန်ကလည်း အစ္စရေးကို အကာအကွယ်ပေးပြီး ICC ကို ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြုလုပ်ထားပါတယ်။
ဒီအတောအတွင်း ပါလက်စတိုင်းသားတွေ ဂါဇာကနေ ထွက်ခွာရေး စီစဉ်ထားဖို့ အစ္စရေးစစ်တပ်ကို ကာကွယ်ရေးဝန်ကြီးက ညွှန်ကြားထား ပါတယ်။
သမ္မတ ထရန့်က ဂါဇာကို အမေရိကန်က ထိန်းချုပ်ပြီး ပါလက်စတိုင်းသားတွေကို ပြန်လည် နေရာချထားဖို့ ဆန္ဒရှိတယ်လို့ ပြောဆိုထားပါတယ်။
အစ္စရေးက ဒေသတွင်း ဆီးရီးယား၊ လက်ဘနွန်နဲ့ အီရန်တို့ကိုလည်း တိုက်ခိုက်မှုတွေ ပြုလုပ်ထားပါတယ်။
လူသားချင်း စာနာထောက်ထားရေး ပြဿနာ ကြီးမားနေချိန်မှာ အစ္စရေးက လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ဂါဇာကို ပြန်လည် တည်ဆောက်ရေး အားလုံး အသစ်ကနေ ပြန်စရဖွယ် ရှိနေပါတယ်။
Ref:AFP