ဆီဆိုင်၊ ဖေဖော်ဝါရီ ၈
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ကောင်ထိုကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေရဲ့ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပအိုဝ်းဒေသခံနှစ်ဦး သေဆုံးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်တော် PNLA က ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ ဆီဆိုင်မြို့နယ် ကောင်ထိုကျေးရွာမှာ တောင်ယာကနေ စပါးသယ်ပြီးပြန်လာတဲ့ ပအိုဝ်ဒေသခံနှစ်ဦးကို လွယ်ချယ်-တပူးထိုရွာလမ်းအနီးမှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တာပါ။
ဒရုန်းတိုက်ခိုက်မှုကြောင့် ပအိုဝ်းဒေသခံ လင်မယားနှစ်ဦးဖြစ်တဲ့ ခွန်ဖါလိန်နဲ့ နန်းဆွေတို့ နှစ်ဦး ထိမှန်သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တွေဟာ ပအိုဝ်းပြည်သူတွေကို ရန်သူသဖွယ် သတ် မှတ်ကာ လက်နက်ကြီး၊ ဒရုန်းနဲ့ လေယာဉ်တွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်နေတယ်လို့ PLNA ကဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ကလည်း ဆီဆိုင်မြို့နယ် နောင်ထောဝ်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် နောင်ထောဝ်ရဲစခန်းနဲ့ ကျေးရွာဓမ္မာရုံတစ်ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PNLA