မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကိုရိုက်ချိုးပြီး တိုင်းပြည်ကို စစ်အုပ်ချုပ်ရေးအောက် သွတ်သွင်းခဲ့တဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ လူမှုအသိုက်အဝန်းရှိ ကဏ္ဍအားလုံးကို ချွတ်ခြုံကျစေခဲ့တာ လေးနှစ်ပြည့်ခဲ့ပါပြီ။
စစ်အာဏာသိမ်းမှု လေးနှစ်တာအတွင်း လူထုတွေရဲ့ ဘဝများစွာပျက်စီးဆုံးရှုံးခဲ့ရပြီး ထိခိုက်သေ ကြေမှုနဲ့အတူ ဖမ်းဆီးဖိနှိပ်မှုတွေ စစ်မှုထမ်းခိုင်းတာတွေ မလုံခြုံမှုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေစတဲ့ အကျပ်အတည်းတွေကို ရင်ဆိုင်ခဲ့ကြရတာပါ။
ဒ့ါအပြင် အရပ်သားတွေကိုဦးတည်ပြီး လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲတာတွေ လူသားဒိုင်းကာအဖြစ် ပြုလုပ်တာ၊ မီးရှို့သတ်ဖြတ်တာနဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေလည်း ရှိနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြကြပါတယ်။
ပြည်သူတစ်ဦးကတော့ အာဏာသိမ်းမှုအတွင်း ဘယ်တုန်းကမှ မတွေးမိခဲ့တာတွေ ရင်ဆိုင်ဖြတ်ကျော်ခဲ့ရပြီး ဒီထက်လည်းခက်ခဲဖို့ ရှိတယ်လို့ ပြောပါတယ်။
“ကျွန်တော်ဆို တစ်ခါမှမမျှော်မှန်းမိဘူး။ ဒီလိုမျိုး အခြေအနေတွေ ဆိုးဝါးတာ။ ကျွန်တော် ထောင် ကျမယ်တို့ အဖမ်းဆီးခံရမယ်တို့။ အဲဒီလိုမျိုးတွေ လားလားမှ မတွေးမိခဲ့ဖူးတဲ့လူက ထောင်ထဲမှာ နေခဲ့ရတယ်။ထောင်ကထွက်လာချိန်မှာလည်း အခက်အခဲတွေအများကြီး ဖြတ်ကျော်ခဲ့ရတယ်။ ဒီလေးနှစ်က ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာ အခက်အခဲဆုံးလို့ ပြောရမှာပေါ့ဗျာ။ ဒီထက်လည်း ခက်ခဲဖို့ ရှိတယ်ဆိုတော့ သန်းခေါင်ထက်တော့လည်း ညမနက်တော့ပါဘူး” လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ ၂၀၂၁ ဖေ ဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၅ ဇန်နဝါရီ ၃၀ ရက်နေ့အထိ စစ်အုပ်စုနဲ့ လက်ပါးစေတွေကြောင့် ပြည်သူပေါင်း ၆၂၀၀ ကျော် သေဆုံးခဲ့ရတာပါ။ ဒါ့အပြင် ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူပေါင်း ၂၁၇၀၀ ကျော်လည်း ချုပ်နှောင်ခံနေရဆဲဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု အားနည်းချက်တွေ ထုတ်ကုန်သွင်းကုန် မူဝါဒအလွဲတွေ အမိန့်အာဏာညွှန်ကြားချက်တွေနဲ့ ကုန်စည်စီးဆင်းမှု ကန့်သတ်ချက်တွေကြောင့် လူမှုစီးပွားကလည်း လုံးဝကျဆင်းနေတာပါ။
ဒီအတွက် စီးပွားရေးလုပ်ငန်း ရပ်ဆိုင်းတာတွေ ကုန်ဈေးနှုန်းကြီးမြင့်တာတွေ စက်သုံးဆီပြတ်လပ်မှုတွေ လျှပ်စစ်မီးနာရီနဲ့ချီ ပြတ်တောက်မှုတွေကလည်း လူထုတွေကို ဘက်ပေါင်းစုံ သောကအပူတွေ ထပ်ဆင့်စေခဲ့ရပြန်ပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက ဒီလေးနှစ်တာကာလအတွင်း အဆိုးဝါးဆုံးသော အခြေအနေကို တွန်းပို့ခဲ့ပြီး စစ်ကောင်စီအနေနဲ့ အာဏာဆက်ထိန်းနိုင်အောင် ဆက်လုပ်နေဦးမယ်လို့ ပြောပါတယ်။
“ဒီဟာတွေက အဆိုးဝါးဆုံးသော အခြေအနေတစ်ခုကို တွန်းပို့သွားတာပေါ့။ နောက်အခြားတစ်ဘက်မှာကလည်း နိုင်ငံရေးထွက်ပေါက်ကို အဖြေမရှာဘဲ အတင်းအဓမ္မ သူတို့ဆက်ပြီး အာဏာရနိုင်အောင် လုပ်နေတာတွေက လူထုကိုလည်း စော်ကားရာရောက်တယ်။ သူတို့အာဏာကို ဆက်ထိန်းနိုင်အောင် လုပ်နေတာပေါ့။ အဲဒီအတွက်ကြောင့် ဒီ ၂၀၂၅ မှာလည်း ပြင်းထန်သော လူထုအ ပေါ် ထိပါးနစ်နာမှုတွေ ဆုံးရှုံးသေကြေမှုတွေတော့ ဆက်ဖြစ်နေဦးမှာပေါ့” လို့ ဆိုပါတယ်။
တစ်ဘက်မှာ စစ်အာဏာရှင်စနစ် အလိုမရှိ ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေးဆိုတဲ့ ကြွေးကြော်သံကနေ အစပြုခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးကလည်း အရှိန်ကောင်းကောင်းနဲ့ မောင်းနှင်လာတာ ၅ နှစ်ထဲကို ဝင်ရောက်လာနေပါပြီ။
အာဏာသိမ်းမှုလေးနှစ်တာအတွင်း တော်လှန်ရေးအင်အားစုတွေဘက်က မြို့ ပေါင်း ၉၀ ကျော်အထိ စိုးမိုးနိုင်ခဲ့ပေမယ့် စစ်ကောင်စီကတော့ အခုချိန်ထိ ဗဟိုအာဏာစက်ကို ဆက်လက်ချုပ်ကိုင်ထားနိုင်ဆဲ ဖြစ်ပါတယ်။
ဇန်နဝါရီ ၃၁ ရက်နေ့မှာ ခေါ်ယူခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ဆုံးဖြတ်ချက်အရ နိုင်ငံတဝန်း အရေးပေါ် အခြေအနေ ကြေညာထားတဲ့ကာလကို နောက်ထပ် ခြောက်လတိုးမြှင့်လိုက်တယ်လို့ စစ်ကောင်စီက ကြေညာလာတာပါ။
CDM ဗိုလ်ကြီးဇင်ယော်က အခုနှစ်အတွင်း နိုင်ငံရေးနဲ့စစ်ရေးကို အာရုံများရတဲ့ကာလမို့ တော်လှန် ရေးအင်အားစုတွေ ဟန်ချက်ညီရင် စစ်ကောင်စီအနေနဲ့ ဌာနချုပ်တွေ လက်လွှတ်ရနိုင်တယ်လို့ သုံးသပ်ပါတယ်။
“စစ်တပ်ကလည်း ရွေးကောက်ပွဲကို ၅ နှစ်တာကာလအတွင်းမှာတင် လုပ်သွားနိုင်တဲ့ အနေအထားမျိုးမြင်ရတယ်။ အဲဒီတော့ သူတို့က နိုင်ငံရေးလည်းတစ်ဘက် စစ်ရေးလည်း တစ်ဘက်ဆိုတော့ အာရုံအများဆုံးကာလပေါ့။ သူတို့ မနိုင်မနင်းဖြစ်မယ့်ကာလ။ ဒါကို ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေရော တိုင်းရင်းသားအဖွဲ့တွေရော ဟန်ချက်ညီညီနဲ့ ပေါင်းမယ်ဆိုရင် တိုင်းစစ်ဌာန ချုပ် ကွပ်ကွဲမှုဌာနချုပ်နှစ်ခု သုံးခုလောက်တော့ ဒီနှစ်ထဲမှာ ဆက်ပြီးတော့ ရသွားနိုင်မယ့် အနေအ ထားမျိုးလို့ပြောရမှာ ဖြစ်ပါတယ်ခင်ဗျာ”လို့ ဆိုပါတယ်။
တော်လှန်ရေးမြားဦးဟာ ပြည်မထဲကို ဦးတည်လာနိုင်မယ့် အနေအထားမှာ စစ်ကောင်စီက တော် လှန်ရေးအဖွဲ့ပေါင်းစုံကို ၂၀၂၅ ခုနှစ်အတွင်း ပြင်းထန်စွာရင်ဆိုင်ရလိမ့်မယ်လို့ သူက ဆက်ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က မန္တလေးမြို့ကို စစ်ကောင်စီလက်ထဲကနေ သိမ်းပိုက်မယ်လို့ ကြွေးကြော်နေတာဟာ အပြောမဟုတ်ဘဲ လက်တွေ့လုပ်မယ်လို့ ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ထုတ်ပြောထားပါတယ်။
အာရက္ခတပ်တော် AA ရဲ့ ထိုးစစ်ကလည်း ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ပဲခူး၊ မကွေးနဲ့ ဧရာဝတီ တိုင်းအထိ ကျယ်ပြန့်လာနေပြီး အဲဒီဒေသတွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းသုံးခုကို သိမ်းပိုက်ရရှိထားတယ်လို့ ဇန်နဝါရီ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားတာပါ။
အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ စစ်တပ်သမိုင်းကို တဆစ်ချိုး ပြောင်းလဲစေခဲ့သလို အပြင်းထန်ဆုံးသော စစ်ရေးဆုံးရှုံးမှုတွေနဲ့ တအိအိပျက်စီးပြိုဆင်းလာနေတာပါ။
ရာမညစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သီရိမွန်ချမ်းက တော်လှန်ရေးအင်အားစုတွေရဲ့ အရှိန်မြင့်လာမယ့် စစ်ရေးတိုက်ခိုက်မှုတွေကို စစ်ကောင်စီအနေနဲ့ ဆက်လက်ရင်ဆိုင်နေရဦးမယ်လို့ ပြောပါတယ်။
“ဒီအာဏာသိမ်းမှု ၅ နှစ်ဝင်လာမယ့် ၂၀၂၅ ခုနှစ်မှာလည်း တစ်တိုင်းပြည်လုံးအနှံ့ စကစကို တော်လှန်တိုက်ခိုက်နေကြတဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ အရှိန်မြှင့်လာမယ့် စစ်ရေးတိုက်ခိုက်မှုတွေနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမှာပါ။ တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း ၂၀၂၅ ကို စစ်အာဏာ ရှင်စနစ် အမြစ်ဖြတ်ဖို့ အဆုံးသတ်နှစ်အဖြစ် စစ်ရေးရည်မှန်းချက် ချထားတာလည်း ရှိပါတယ်” လို့ ဆိုပါတယ်။
ဒါပေမယ့် အဆုံးသတ်နိုင်ဖြစ်ဖို့ တော်လှန်ရေးအင်အားစုတွေဘက်က တစ်နိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ ဗျူဟာမြောက်ပေါင်းစည်းမှုနဲ့အတူ ဟန်ချက်ညီညီ စစ်ဆင်ရေးလုပ်နိုင်တဲ့အပေါ် မူတည်တယ်လို့ ထောက်ပြပါတယ်။
တော်လှန်ရေးထိုးစစ်တွေကို ရင်ဆိုင်နိုင်ရေး စစ်ကောင်စီက ပြုန်းတီးအင်အားတွေကို ဖြည့်တင်းဖို့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးခဲ့ပြီး အခြေခံစစ်သင်တန်းတွေကို အပတ်စဉ် ၉ အထိ ခေါ်ယူကာ တပ်သားထောင်နဲ့ချီ စုဆောင်းခဲ့ပါတယ်။
အဲဒီကနေ အရွယ်ရောက်ပြီးသူ လူငယ်တွေကို နိုင်ငံခြားထွက်ခွင့်မပေးတော့ဘဲ တစ်ရစ်ပြီးတစ်ရစ် တင်းကျပ်ကာ ပြည်တွင်းထဲ ချုပ်နှောင်တဲ့ စစ်မှုထမ်းနည်းဥပဒေကို ဇန်နဝါရီ ၂၃ ရက်နေ့မှာ အ တည် ပြုပြဌာန်းခဲ့တာပါ။
စစ်ကောင်စီအနေနဲ့ ၂၀၂၄ ခုနှစ်အတွင်း တိုင်းစစ်ဌာနချုပ် ၂ ခုအပါအဝင် တစ်နိုင်ငံလုံးရှိ တပ်စခန်းပေါင်း ၇၄၂ ခု ဆုံးရှုံးခဲ့ရပြီး တပ်အင်အား ၁၄၀၀၀ ကျော် ပြုန်းတီးခဲ့ရတယ်လို့ အမျိုးသားညီညွတ် ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေက ဖော်ပြပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင် ၁၄၇၀၀ ကျော် ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ကြပြီး တပ် ရင်း ၂၈၂ ရင်းမှာ အနည်းဆုံးတပ်ရင်း ၁၀၁ ရင်းခန့် ဖွဲ့စည်းပုံပျက်နေကာ ၁၄၂ ရင်းဟာ အင်အားချိနဲ့နေတယ်လို NUG က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media