မော်လမြိုင်၊ ဖေဖော်ဝါရီ ၁

မွန်ပြည်နယ်မှာ ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်က တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်သား ပစ်မှတ်တွေကို ဒရုန်းနဲ့တိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်လာတယ်လို့ သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်ဟာ ကျိုက်ထို၊ဘီးလင်း၊ သထုံ၊ သံဖြူဇရပ်၊ ရေးနဲ့ ကျိုက်မရောမြို့နယ်တို့က တော်လှန်ရေးတပ်ဖွဲ့တွေ စခန်းချထားတဲ့နေရာတွေနဲ့ အရပ်သားပစ်မှတ်တွေကို ဒရုန်းနဲ့ တိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တာပါ။

ထူးခြားမှုအနေနဲ့ အဲဒီထဲမှာ ဇန်နဝါရီ ၁၆ ရက်နေ့က ဘီးလင်းမြို့နယ် တဂေးလောင်းကျေးရွာ စာ သင်ကျောင်းကို စစ်ကောင်စီတပ်က လက်လုပ်အသေခံဒရုန်းနဲ့ တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့အတွက် ကျောင်းဆောင်အဆောက်အဦးတချို့ ထိမှန်ပျက်စီးခဲ့တာပါ။

စစ်ကောင်စီရဲ့ ဒရုန်းအသုံးပြုမှု တိုက်ခိုက်မှုတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေအပေါ် တန်ပြန်တိုက် စစ်ဆင်တာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ရေးအခြေစိုက်တော် လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော် စဉ်းစားမိသလောက် သူတို့ဘက်က အကုန်အကျသက်သာပြီး ထိရောက်မယ့် အစီအ စဉ်ကို ပြန်ယူလိုက်တာပေါ့။ အရင်ဦးဆုံး တော်လှန်ရေးတပ်ဖွဲ့တွေက သူတို့ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ တန်ပြန်ပြန်ယူတာပေါ့”လို့ ဆိုပါတယ်။

ဇန်နဝါရီလအတွင်း စစ်ကောင်စီရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူနှစ်ဦးသေဆုံးပြီး ခုနှစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ဝင်သုံးဦး ကျဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဒရုန်းနဲ့တိုက်ခိုက်မှုအတွင်း စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦအပါအဝင် လူနေ အိမ် ၁၅ လုံးထက်မနည်း ထိမှန်ပျက်စီးထားပါတယ်။

စစ်ကောင်စီရဲ့ ဒရုန်းအသုံးပြု တိုက်ခိုက်မှုတွေဟာ စစ်ရေးအသာစီးရအောင် ဗျူဟာတစ်ခု ဖော်ဆောင်နေတာဖြစ်တယ်လို့ သိမ်ဇရပ်မြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ဆီမှာ ဒရုန်းနဲ့တိုက်ခိုက်မှုတွေ ရှိလာတယ်။ တအားကြီး တိုက်ခိုက်မှုမဟုတ်ပေမယ့် ကြိုကြားကြိုကြား တိုက်ခိုက်မှုတွေရှိနေတယ်။ ဒါကတော့ သူတို့ဘက်က ဗျုဟာတစ်ခုအနေနဲ့ ဖော်ဆောင်တာလို့ မြင်တယ်” လို့ ဆိုပါတယ်။

သံလွင်တိုင်းမ်ရဲ့ တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ မွန်ပြည်နယ်အတွင်း ဒရုန်းအ သုံးပြု တိုက်ခိုက်မှုတွေကို မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကနေ အဓိက ကွပ်ကဲနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် အသုံးပြုနေတဲ့ ဒရုန်းတွေထဲမှာ တရုတ်နိုင်ငံထုတ် ဒရုန်းအများဆုံး ပါဝင်ပြီး ဒရုန်းအမျိုးအစားအနေနဲ့ Fixed Wings၊ Kamikaze Drone ၊ CH -2 ၊ CH-4 အပြင် CZ 55 UAV ဒရုန်းတွေလည်း ပါဝင်လာတာပါ။

CMD တပ်အသိုင်းအဝိုင်းကတော့ မြေပြင်စစ်ဆင်ရေးတွေမှာ တိုက်ခိုက်ရေးအင်အားယိုင်နဲ့လာနေတဲ့ စစ်ကောင်စီဟာ ဒရုန်းစစ်ဆင်ရေးတွေကို အရှိန်မြှင့်လာနိုင်တဲ့အတွက် တော်လှန်ရေးအဖွဲ့တွေ ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.