ကင်ရှာဆာ၊ ဇန်နဝါရီ ၃၁

ကွန်ဂိုဒီမိုကရက် ပြည်ထောင်စုနိုင်ငံ အရှေ့ပိုင်းရှိ အကြီးမားဆုံးမြို့ ဂိုမာကို သိမ်းပိုက်ထားတဲ့ သူပုန်ခေါင်းဆောင်တွေက မြို့တော် ကင်ရှာဆာ အထိ ထိုးစစ်ဆင် တိုက်ခိုက်သွားမှာဖြစ်ကြောင်း ကြွေးကြော်လိုက်ပါတယ်။

M23 အဖွဲ့ အပါအဝင် တော်လှန်ရေး မဟာမိတ်အဖွဲ့ကို ဦးဆောင်သူ ကော်နယ်လီ နန်ဂါက သူတို့ရဲ့ အဆုံးစွန် ရည်မှန်းချက်ဟာ သမ္မတ ဖီးလစ်ရဲ့ အစိုးရကို ဖြတ်ချဖို့ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

ရဝမ်ဒါနိုင်ငံက ထောက်ပံ့ထားတဲ့ တော်လှန်ရေးအင်အားစုတွေဟာ လက်ရှိမှာ သတ္တုကြွယ်ဝတဲ့ နိုင်ငံအရှေ့ပိုင်းရှိ ဒုတိယအကြီးဆုံးမြို့ ဘူကာဗူသို့ ချီတက်နေပြီလို့ အတည်မပြုရသေးတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဂိုမာမြို့ ကျသွားပြီးနောက် ရုပ်သံကနေ ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ သမ္မတ ဖီးလစ်က မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ရေး အင်အား အားလုံးစုပြီး ကြိုးပမ်းသွားမယ်လို့ ပြောဆိုခဲ့တာပါ။

တိုက်ပွဲတွေကြောင့် လူပေါင်း ၅ သိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး နဂိုကတည်းက ဆိုးရွားနေတဲ့ လူသားချင်း စာနာထောက်ထားရေး အခြေအနေတွေ ပိုပြီး ဆိုးရွားလာတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ဂိုမာမြို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက် ဒေသဆိုင်ရာ အစိုးရ ဖွဲ့စည်းထားပြီး ဒီနေရာမှာ အုပ်ချုပ်မှုစနစ် အသစ် ဖော်ဆောင်သွားမယ်လို့ တော်လှန်ရေးတပ်တွေက သတင်းထောက်တွေကို ပြောပါတယ်။

မြို့တော်ဟာ မိုင်ပေါင်း ၁၆၀၀ လောက် ဝေးနေသေးပြီး နိုင်ငံကလည်း ကျယ်ပြန့်တာကြောင့် တော်လှန်ရေး ခေါင်းဆောင်တွေ ပြောသလို ကင်ရှာဆာအထိ ချီတက်ဖို့ မဖြစ်နိုင်ဘူးလို့ လေ့လာသူတွေက ပြောပါတယ်။

ဒါပေမဲ့ အဲဒီလို အခြေအနေမျိုး ၁၉၇၇ ခုနှစ်မှာ ဖြစ်ပွားခဲ့ဖူးပြီး ရဝမ်ဒါ ထောက်ပံ့ထားတဲ့ တော်လှန်ရေးတပ်တွေဟာ အဲဒီအချိန်က ကာလရှည် ခေါင်းဆောင် မိုဘူတူကို ဖြုတ်ချခဲ့ကြပါတယ်။

ရဝမ်ဒါက မိမိတို့နိုင်ငံရှိ တော်လှန်ရေးတပ်တွေကို ထောက်ပံ့ ကူညီနေတယ်လို့ ကွန်ဂိုက စွပ်စွဲထားပြီး ဂိုမာမှာတောင် တပ်ဖွဲ့ဝင်တွေ ရောက်နေတယ်လို့ ပြောဆိုထားပါတယ်။

ရဝမ်ဒါက သူတို့အနေနဲ့ တိုက်ရိုက် စစ်ရေးအကူအညီ ပေးနေတာ မရှိဘူးလို့ အကြိမ်ကြိမ် ငြင်းထားပေမယ့် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီလို အပြန်အလှန် ပြောဆိုမှုတွေကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေး အဆင်မပြေ ဖြစ်နေတာ နှစ်အနည်းငယ် ကြာပြီ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.