မော်လမြိုင် ၊ ဇန်နဝါရီ ၃၁

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ အဓိကဦးစားပေးဖြစ်ဖို့အပါအဝင် တရုတ်အစိုးရအနေနဲ့ လက်တွေ့ကျကျ အမှန်မြင်လာအောင် ဆောင်ရွက်သွားမယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

ဇန်နဝါရီ ၂၉ ရက်နေ့က အွန်လိုင်းကနေ ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံ ခြားရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုတွေအပေါ် ဖြေကြားခဲ့တာပါ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဦးဆောင်တဲ့ အစိုးရရဲ့ နိုင်ငံတကာသို့ပံ့ပိုးပေးနေတဲ့ကူညီထောက် ပံ့မှုတွေကို ပြန်လည်သုံးသပ်ဖို့ ရက်ပေါင်း ၉၀ အတွင်း ဆိုင်းငံ့ထားတာ ဖြစ်ပါတယ်။

ဒီအပေါ် အထောက်အပံ့တွေ ပြန်ပေးမယ်ဆိုရင် ဖြတ်တောက်လိုက်တာမျိုးမဖြစ်ဖို့ မြန်မာ့အရေးဟာ အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒမှာ ဦးစားပေးအနေနဲ့ ဆက်ရှိနေအောင် ဆောင်ရွက်သွားမယ်လို့ ဒေါ်ဇင်မာအောင်က ဆိုပါတယ်။

အဲဒီလို ဆောင်ရွက်ဖို့ဆိုရင် မြန်မာ့အရေးနဲ့ပတ်သက်တဲ့မူဝါဒဟာ အမေရိကန်နိုင်ငံရဲ့ နှစ်ဘက်ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး စည်းရုံးသွားမယ်လို့ ပြောကြားခဲ့တာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မြန်မာ့အရေးနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရ ဂရု စိုက်လာအောင် မျှော်လင့်လို့မရဘဲ ကိုယ့်အားကိုယ်ကိုးရမှာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“NUG အနေနဲ့ အမေရိကန်လွှတ်တော်နှစ်ရပ်လုံးကို အ‌ထောက်အပံ့အကူအညီရအောင် ကြိုးပမ်းသွားမယ်ဆိုတာတွေနဲ့ ပတ်သက်လို့ သူတို့အနေနဲ့ ကြိုးပမ်းတာလည်း ကြိုးပမ်းပေါ့။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ဗုဒ္ဓဘာသာတိုင်းပြည်ဖြစ်တဲ့အလျောက် ကိုယ့်အားကိုယ်ကိုးပြီး လုပ်ရမယ့် အခြေအနေပဲလို့ မြင်ပါတယ်။ ဒါကြောင့် NUG အနေနဲ့ ထရမ့်ရဲ့ မူဝါဒတွေထဲမှာ မြန်မာပြည်ကို ဂ ရုစိုက်လာအောင် မျှော်လင့်နေတာတွေဟာ နွေဦးတော်လှန်ရေးအတွက်သိပ်ပြီး အရေးမပါလှဘူးလို့ ကျွန်တော်တော့ယူဆတယ်”လို့ ဆိုပါတယ်။

အ‌မေရိကန်အစိုးရက အကူအညီတွေ ဆိုင်းငံ့ထားတဲ့ကာလအတွင်း နယ်စပ်ဒုက္ခသည်စခန်းတွေမှာ သက်ရောက်မှုတွေရှိတဲ့အတွက် NUG အနေနဲ့ လူသားချင်းစာနာထောင်ထားမှုဆိုင်ရာဌာနနဲ့ ကျန်း မာရေးဌာနတို့ပေါင်းစည်းပြီး အခြားအထောက်အပံ့တွေရရှိအောင် နည်းလမ်းရှာသွားမယ်လို့ ဆိုပါတယ်။

တစ်ဘက်မှာ တရုတ်အစိုးရက မြန်မာ့အရေးကို ကိုင်တွယ်ရာမှာ တသတ်မတ်တည်းမရှိဘဲ ရှေ့ နောက်မညီတဲ့ ချဉ်းကပ်ပုံတွေနဲ့ ဆောင်ရွက်လာနေတာဟာ မြန်မာ့အရေးကို ဘယ်လိုကိုင်တွယ်ရမှန်း မသိတဲ့အခြေအနေလို့ ဒေါ်ဇင်မာအောင်က ဝေဖန်ပါတယ်။

လက်ရှိ တော်လှန်ရေးဟာ မြန်မာ့ပြည်တွင်းရေးလို့ တရုတ်အစိုးရကအစပိုင်းမှာ ပြောဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို NUG နဲ့ မဆက်သွယ်ဖို့ ဖိအားပေးလာတာတွေ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက မြန်မာပြည်တွင်းရှိ တရုတ်အကျိုးစီးပွားကို အမှန်တကယ် အကာအကွယ်ပေးနိုင်ရဲ့လားဆိုတာ တရုတ်အစိုးရက ယုံကြည်မှုပျောက်ဆုံးတဲ့ အနေအထားမျိုး တွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါပေမယ့် NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကိုလည်း တရုတ်အနေနဲ့ ရွေးချယ်စရာအဖြစ် အခုချိန်ထိ မမြင်သေးဘူးလို့ ဆိုပါတယ်။

ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ တရုတ်အစိုးရနဲ့ တစ်ဘက်သတ်ဖြစ်စေကာမူ ထိတွေ့ဆက်ဆံမှုတွေတိုးပြီး ဆောင်ရွက်နေတယ်လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

ဦးသန်းစိုးနိုင်ကတော့ တရုတ်ဘက်က ဆက်ဆံရေးသဘောထားပြောင်းလဲလာအောင် စစ်ကောင်စီရှုံးနိမ့်သွားအောင် အာဏာရှင်စနစ်ကို ဖျက်သိမ်းနိုင်ဖို့ပဲလိုတယ်လို့ သုံးသပ်ပါတယ်။

“ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးကို အမြန်အောင်မြင်အောင် စစ်ကောင်စီတွေကို ရှုံးနိမ့်သွားအောင် အာဏာရှင်စနစ်ကို ဖျက်သိမ်းနိုင်အောင် ကြိုးပမ်းသွားဖို့ပဲလိုတယ်။ တခြားနည်းနဲ့ သံတမန်နည်းတွေဘာတွေနဲ့ လုပ်လို့မရပါဘူး။ ဘာလို့ဆိုသူက (တရုတ်) ကွန်မြူနစ်ပါတီတိုင်းပြည်ဖြစ်တယ်။ အဲဒီတော့ အာဏာရှင်အုပ်စိုးမှုပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီမိုကရေစီတို့ ဖက်ဒရယ်တို့ ကိစ္စတွေနဲ့ တရုတ်ကို သွားမြူဆွယ်ဖို့ ဘယ်လိုမှမရနိုင်ပါဘူး”လို့ ဆိုပါတယ်။

မြန်မာ့အရေးကို တရုတ်အစိုးရအနေနဲ့ လက်တွေ့ကျကျ အမှန်မြင်လာအောင် တော်လှန်ရေးအင် အားစုတွေအနေနဲ့ တရုတ်ရဲ့အကျိုးစီးပွားကို ရေရှည်ကာကွယ်နိုင်မယ့် နိုင်ငံရေးစနစ်မျိုး ပြည် ထောင်စုစနစ်မျိုး ထူထောင်နေတဲ့နည်းလမ်းတွေကို ဆောင်ရွက်ရမယ်လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

မြေပြင်မှာ တည်ငြိမ်မှုကို လက်တွေ့ကျကျ ဆောင်ရွက်နိုင်မှသာ တရုတ်သွားနေတဲ့ ချဉ်းကပ်ပုံတွေ မြန်မာ့အရေးအပေါ်မှာ အမြင်တွေကို ထိုက်သင့်သလောက် ပြောင်းလဲနိုင်မယ်လို့ မြင်မိပြီး စိန်ခေါ်မှု ကြီးကြီးမားမားရှိတယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.