နွားထိုးကြီ၊ ဇန်နဝါရီ ၃၁

မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီရဲ့ ဗိုလ်ကြီး အောင်ဇော်မင်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦးသေဆုံးခဲ့ပြီး ၈ ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် ၁ စစ်ဒေသက ဇန်နဝါရီ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အင်အား ၅၀ ဝန်းကျင်နဲ့ နွားထိုးကြီးမြို့နယ် ပြင်စည်ကျေးရွာကနေ ထွက်လာတဲ့ တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၄ နဲ့ ၁၅ ပူးပေါင်းတပ်ရင်းကို ဇန်နဝါရီ ၃၀ ရက်နေ့ မနက်ပိုင်းမှာ မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက မြတောင်ရွာနဲ့ စိန်ပန်းကန်ရွာကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ဗိုလ်ကြီး အောင်ဇော်မင်း အပါအဝင် ၂၁ ဦး သေဆုံးခဲ့ပြီး ဗိုလ်မှူး ရန်လင်းအောင်မှာလည်း ထိခိုက်ဒဏ်ရာနဲ့ ပြန်လည်ဆုတ်ခွာရင်း သေဆုံးခဲ့သလို နောက်ထပ် ၈ ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ လက်နက်မျိုးစုံ ၃၉ လက်နဲ့ ဗုံးသီးမျိုးစုံ ၄၃ လုံး၊ ကျည် ၃၀၅ တောင့်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း တံတားဦးလေတပ်က ထွက်လာတဲ့ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီးနဲ့ ၃ ကြိမ်ထက်မနည်း ပစ်ကူပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့ကလည်း မြင်းခြံမြို့နဲ့တောင်သာမြို့ကို သွားတဲ့လမ်းမှာ စစ်ကောင်စီတပ်နဲ့ ရဲ ပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၂၀ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – အမှတ် ၁ စစ်ဒေသ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.