ထားဝယ်၊ ဖေဖော်ဝါရီ ၁
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ရောင်းမော်ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က CDM ကျောင်းဆရာမတစ်ဦးကို ပစ်သတ်ပြီး နေအိမ်ကိုးလုံး မီးရှို့ဖျက်ဆီးထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့ကစပြီး ရောင်းမော်ကျေးရွာထဲကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။
အဲဒီစစ်ကြောင်းဟာ လက်ရှိမှာ ရောင်းမော်ကျေးရွာက နေအိမ်ကိုးလုံး မီးရှို့ဖျက်ဆီးထားပြီး မတိမ်း ရှောင်ဘဲ နေအိမ်မှာပုန်းအောင်းနေတဲ့ CDM ကျောင်းဆရာမတစ်ဦးကိုလည်း သတ်ဖြတ်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ လက်ရှိအချိန်ထိ ကျေးရွာထဲမှာ ဆက်လက်တပ်စွဲထားတာကြောင့် ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာနေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ဒေသခံတွေရဲ့ အဆိုအရ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့က ထားဝယ်ရှိ စစ်ကောင်စီရဲ့ ရွှေဂူဂိတ်စခန်း တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် နယ်မြေရှင်းလင်းရေး ခေါင်းစဉ်နဲ့ ရောင်းမော်ကျေးရွာထဲ စစ်ကြောင်းထိုးလာတာပါ။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးထားပေမယ့် တိုက်ပွဲဖြစ်ပွားတာ မရှိသေးပေမယ့် နှစ်ဖက်စစ်ရေး တင်းမာနေတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။
ရွှေဂူဂိတ်စခန်း တိုက်ခိုက်သိမ်းပိုက်ခံရတဲ့ ဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး ထက်မနည်း သေဆုံးပြီး လေးဦးအရှင်ဖမ်းဆီးရမိထားတယ်လို့ ဒူရကစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ