ဒမတ်စကတ်၊ ဇန်နဝါရီ ၃၀

ပြီးခဲ့တဲ့လမှာ သမ္မတ ဘာရှားအယ်လ်အာဆတ်ကို ဖြုတ်ချခဲ့တဲ့ ဆီးရီးယား တော်လှန်ရေးအုပ်စုတွေက အစ္စလာမ်မစ် ခေါင်းဆောင်ဟောင်း တစ်ယောက်ကို နိုင်ငံရဲ့ ယာယီသမ္မတအဖြစ် ဇန်နဝါရီ ၂၉ ရက်က တင်မြှောက်လိုက်ပါတယ်။

ပြည်တွင်းစစ် ၁၄ နှစ်နီးပါး ကြာမြင့်ခဲ့ပြီးနောက် နိုင်ငံကို ပြန်လည် တည်ဆောက်ဖို့ ဆီးရီးယား တော်လှန်ရေးအင်အားစုတွေဟာ ကြီးမားတဲ့ တာဝန်တွေနဲ့ ရင်ဆိုင်နေရချိန် အဖွဲ့အားလုံး စည်းလုံးရေးအတွက် တော်လှန်ရေး ခေါင်းဆောင်ကို ယာယီသမ္မတအဖြစ် သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

တော်လှန်ရေး အင်အားစုတွေက သမ္မတ အာဆတ်လက်ထက်က ကျင့်သုံးခဲ့တဲ့ ဆီးရီးယား အခြေခံဖွဲ့စည်းပုံဥပဒေကိုလည်း ဖျက်သိမ်းလိုက်ပြီး မကြာခင် အသစ်ရေးဆွဲမယ်လို့ ပြောဆိုထားပါတယ်။

တစ်ခါက အယ်လ်ကိုင်ဒါအဖွဲ့နဲ့ မဟာမိတ် ဖြစ်ခဲ့တဲ့ ခေါင်းဆောင် အာမက် အယ်လ်ရှာအာကို အသွင်ကူးပြောင်းရေး ကာလအတွက် ယာယီ သမ္မတအဖြစ် ခန့်အပ်လိုက်တာက မြို့တော် ဒမတ်စကတ်မှာ တော်လှန်ရေး အင်အားစုတွေ တွေ့ဆုံဆွေးနွေးပြီးနောက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အာမတ် အယ်လ် ရှာအာကို ဘယ်လို နည်းလမ်းမျိုးနဲ့ ယာယီသမ္မတ အဖြစ် ရွေးချယ်ခဲ့သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အာဆတ်အစိုးရကို အလျင်အမြန် ဖြုတ်ချဖို့ ထိုးစစ်ကို ဦးဆောင်ခဲ့တာက ခေါင်းဆောင် အယ်လ်ရှာအာ ဦးဆောင်တဲ့ ဟာယက် တီဟီရာ အယ် ရှာဟမ်အဖွဲ့ ဖြစ်ပါတယ်။

အဲဒီအဖွဲ့ဟာ အရင်က အယ်လ်ကိုင်ဒါအဖွဲ့နဲ့ မဟာမိတ် ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ သူတို့ရဲ့ အရင်က ဆက်ဆံရေးကို ရှုတ်ချထားပါတယ်။

ယာယီသမ္မတ ဖြစ်လာတဲ့ အယ်လ်ရှာအာကို အရင်က အမေရိကန်က ဆုတော်ငွေ ဒေါ်လာ ၁၀ သန်း ထုတ်ထားခဲ့ပေမယ့် ပြီးခဲ့တဲ့လမှာ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ ဆီးရီးယားသို့ ရောက်ရှိပြီးနောက် ဆုတော်ငွေ ထုတ်ထားမှုကို ရုတ်သိမ်းပေးခဲ့ပါတယ်။

ဆီးရီးယား တော်လှန်ရေးအင်အားစုတွေက အဘက်ဘက်က ယိုယွင်းနေတဲ့နိုင်ငံကို ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းနေချိန်မှာ အမေရိကန်က ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ ပြန်ရုတ်သိမ်းပေးဖို့ တောင်းဆိုထားပါတယ်။

ဆီးရီးယားနိုင်ငံသားတွေက ယာယီသမ္မတ ခန့်အပ်မှု သတင်းကို ကြိုဆိုခဲ့ကြပြီး လမ်းမတွေပေါ်မှာ ကားဟွန်းတွေ အကျယ်ကြီး တီးခဲ့ကြပါတယ်။

ဆီးရီးယားရဲ့ အုပ်ချုပ်သူအသစ်တွေ အနေနဲ့ ကြီးမားတဲ့ တာဝန်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ခေါင်းဆောင် အယ်လ်အာရှာက ပြောကြားထားတာ ဖြစ်ပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.