ရေး၊ ဇန်နဝါရီ ၃၁
မွန်ပြည်နယ် ရေးမြို့နယ်ရှိ ကျေးရွာတချို့မှာ စစ်ကောင်စီရဲ့ ကန့်သတ်ပိတ်ဆို့မှုတွေကြောင့် စားနပ် ရိက္ခာ စတင်ပြတ်လပ်လာတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ လူသားချင်းစာနာမှုနဲ့ကယ်ဆယ်ရေးဌာနထံက သိရပါတယ်။
အခုနှစ်ဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်က တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှု အားကောင်းတဲ့ ရေးမြို့နယ် ကျုံလောင်းဒေသထဲ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲတွေပြီးနောက် စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၁၂ ရက်နေ့ကစပြီး ကျုံလောင်းဒေသကနေ ရေးမြို့နယ်အတွင်းပိုင်းကျေးရွာတွေဘက်ကို ဆန်နဲ့အခြေခံစားသောက်ကုန်အပါအဝင် စက်သုံးဆီ သယ်ယူခွင့်ကအစ ကန့်သတ်ပိတ်ဆို့ထားတာပါ။
စစ်ကောင်စီဘက်က စားနပ်ရိက္ခာသယ်ယူခွင့် ကန့်သတ်ပိတ်ပင်ထားတာ ရက်ပေါင်း ၂၀ ကျော်အထိ ရှိလာတဲ့အတွက် စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ကုန်ပစ္စည်းဈေးနှုန်း အဆမတန် မြင့်တက်လာတဲ့ဒဏ်ကို စစ်ရှောင်ပြည်သူတွေအပါအဝင် ဒေသခံတွေပါ အလူးအလဲခံစားနေရပါတယ်။
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် စစ်ရှောင်ပြည်သူတွေဟာ တချို့ရက်တွေမှာ ဆန်ပြုတ်စားရတဲ့ အ ခြေအနေတွေအထိ ဖြစ်ပေါ်နေတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ လူသားချင်းစာနာမှုနဲ့ကယ် ဆယ်ရေးဌာနမှူး မိသုတဇဝ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ လူသားချင်းစာနာမှုနဲ့ကယ်ဆယ်ရေးဌာနရဲ့ အဆိုအရ စားနပ်ရိက္ခာ ပြတ်လပ်မှုဒဏ်ကို ဝယ်ပိုင်၊ ဝယ်ဇင်၊ ကျောက်မိချောင်းအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းခံစားနေရတာ ဖြစ်ပါတယ်။
စားနပ်ရိက္ခာပြတ်လပ်လာမှုနဲ့အတူ ကုန်ပစ္စည်းဈေးနှုန်းတွေကလည်း ဆန်တစ်အိတ်လျှင် ကျပ် နှစ်သိန်းခွဲကျော်၊ စက်သုံးဆီ တစ်လီတာ ကျပ် ၉၀၀၀ ၊ ကျန်တဲ့ စားသုံးဆီ၊ ကြက်သွန်၊ အချို့မှုန့်အပါ အဝင် အခြေခံစားသောက်ကုန်တွေကလည်း ရေးမြို့အပေါ် ပေါက်ဈေးထက် နှစ်ဆနီးပါး ဈေးနှုန်းမြင့်တက်နေတာပါ။
ရေးတိုက်ပွဲကြောင့် ကျုံလောင်း၊ ကျောက်မိချောင်း၊ အိုင်ရှည်၊ ဝယ်ပေါင်၊ ကမ်းနီ၊ ရစ်ချောင်းစတဲ့ကျေးရွာတွေက ဒေသခံ ၁၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာနဲ့အနွေးထည်၊ စောင်၊ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media