ဝါရှင်တန်၊ ဇန်နဝါရီ ၃၀

ဗင်နီဇွဲလားနိုင်ငံက လူ ၆ သိန်းလောက်ကို မိခင်နိုင်ငံဆီ ပြန်မပို့ရေး အကာအကွယ်ပေးမယ့် ဆုံးဖြတ်ချက်ကို ဒေါ်နယ်ထရန့် အစိုးရက ရုတ်သိမ်းလိုက်ကြောင်း အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး ခရစ္စတီ နိုအမ်က ဇန်နဝါရီ ၂၉ ရက်မှာ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဘိုင်ဒန်အစိုးရ လက်ထက် နောက်ဆုံးနေ့ရက်တွေမှာ အရင် အမိမြေလုံခြုံရေးဝန်ကြီး အလီဂျန်ဒရို ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို မိမိအနေနဲ့ ရုတ်သိမ်းလိုက်တာ ဖြစ်တယ်လို့ လက်ရှိ ဝန်ကြီး နိုအမ်က ပြောကြားခဲ့တာပါ။

ယာယီ အကာအကွယ် ပေးရမယ့် လူတွေလို့ သတ်မှတ်ထားသူတွေကို ကာကွယ်ပေးရမယ့် ကာလ ၁၈ လ သက်တမ်းတိုးလိုက်ကြောင်း ဝန်ကြီးဟောင်း အလီဂျန်ဒရိုက ဆုံးဖြတ်ခဲ့တာဟာ အဲဒီ ရွှေ့ပြောင်းနေထိုင်သူတွေ အမေရိကန်မှာ နောက်ထပ် ၁၈ လ ထပ်နေခွင့်ရပြီး ရာဇဝတ်မှုတွေ ကျူးလွန်နိုင်တယ်လို့ ပြောလိုက်တာနဲ့ အတူတူပဲ ဖြစ်ကြောင်း ဝန်ကြီး နိုအမ်က ပြောဆိုတာပါ။

ဘိုင်ဒန်အစိုးရ လက်ထက်မှာ အယ်ဆယ်ဗားဒိုးနိုင်ငံသား ၂၃၀၀၀၀၊ ယူကရိန်းနိုင်ငံသား ၁၀၃၀၀၀၊ ဆူဒန်နိုင်ငံသား ၁၃၀၀ တို့ကို အကာအကွယ်မှု ကာလသက်တမ်း တိုးပေးခဲ့တာကြောင့် သူတို့တွေ အမေရိကန်မှာ ဆက်နေခွင့် ရရှိခဲ့ပါတယ်။

သူတို့ရဲ့ နေထိုင်ခွင့်သက်တမ်း ကုန်သွားရင်လည်း အစိုးရက ပြန်လည် သုံးသပ်ပြီး သက်တမ်းတိုးပေးနိုင်ပါတယ်။

ဒါပေမဲ့ ရွှေ့ပြောင်းနေထိုင်မှု ဆန့်ကျင်တဲ့ ထရန့်အစိုးရ လက်ထက်မှာ ရွှေ့ပြောင်း နေထိုင်သူတွေကို သူတို့ရဲ့ မိခင်နိုင်ငံတွေဆီ ပြန်ပို့နေပါတယ်။

ဒီလို ပို့ဆောင်ရာမှာလည်း မိခင်နိုင်ငံက လက်မခံဘူးဆိုရင် အရေးယူ ပိတ်ဆို့မှုတွေလုပ်မှာ ဖြစ်ပြီး အခွန်လည်း တိုးကောက်မယ်လို့ သမ္မတ ထရန့်က ခြိမ်းခြောက်ထားပါတယ်။

နိုင်ငံပေါင်း ၁၇ နိုင်ငံက ရွှေ့ပြောင်းနေထိုင်သူ တစ်သန်းကို ဘိုင်ဒန် အစိုးရ လက်ထက်က အကာအကွယ် ပေးထားခဲ့ပြီး အဲဒီထဲမှာ ဗင်နီဇွဲလားနိုင်ငံသားတွေ အကျိုးအများဆုံးပဲလို့ ဝန်ကြီး နိုအမ်က ပြောပါတယ်။

စီးပွားရေး ချွတ်ခြုံကျနေပြီး နိုင်ငံရေး မငြိမ်မသက်တဲ့ ဗင်နီဇွဲလားမှာ ပြည်ပသို့ ပြောင်းရွှေ့နေထိုင်သူ တော်တော်များများ ရှိနေပါတယ်။
ထရန့်ရဲ့ အစိုးရရဲ့ အခုလို ဆုံးဖြတ်ချက်ကြောင့် အမေရိကန်ရှိ ဗင်နီဇွဲလား နိုင်ငံသား ၆ သိန်း မိခင်နိုင်ငံဆီ ပြန်ပို့ခံရနိုင်ချေရှိနေတာ ဖြစ်ပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.