မကွေး ဇန်နဝါရီ ၃၀
မကွေးတိုင်း ပွင့်ဖြူမြို့နယ်က ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ ဆရာဝန်တွေကို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ဒီနေ့ ဇန်နဝါရီ ၃၀ ရက် မွန်းလွဲပိုင်းမှာ ပုဂ္ဂလိက ဆေးခန်းဖွင့်ထားတဲ့ ဆရာဝန်တွေနဲ့ ကျေးလက်ဆေးပေးခန်းက ဆေးမှူးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားတာပါ။
“ဘာကြောင့် ဖမ်းသွားတယ်ဆိုတာတော့ မသိရသေးဘူး။ ဖုန်းတွေကိုလည်း သိမ်းသွားတယ်။ အခုထိတော့ နောက်ဆက်တွဲကို မသိရသေးဘူး” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပုဂ္ဂလိက ဆေးခန်းဖွင့်လှစ်ထားတဲ့ ဒေါက်တာကျော်ခိုင်ဦး၊ ချမ်းမြေ့ဆေးခန်းက ဆရာဝန်နဲ့ ကျေးလက်ဆေးပေးခန်းက ဒေါ်စုစုထွေးအပါအဝင် ၅ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားတာလို့ သိရပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ ဇန်နဝါရီ ၃၀ ရက် မနက်ပိုင်းမှာ မဲဇလီကျေးရွာ ရဲစခန်းကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ များပြားပြီး ဆေးကုသဖို့အတွက် ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဖမ်းဆီးခေါ်ဆောင်တာဖြစ်နိုင်တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၉ ရက်ကလည်း ပွင့်ဖြူမြို့နယ် ရေပုတ်ကလေးကျေးရွာက ပျူစောထီး ခေါင်းဆောင်သုံးဦး သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media