ထားဝယ်၊ ဇန်နဝါရီ ၃၀

တနင်္သာရီတိုင်း ထားဝယ်မြို့နဲ့ ၅ မိုင်အကွာမှာ ရှိတဲ့ စစ်ကောင်စီရဲ့ ရွှေဂူတံတားစစ်ဆေးရေးဂိတ်နဲ့ စခန်းကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ တော်လှန်ရေးစစ်ကြောင်းဖြစ်တဲ့ ဒူရကစစ်ကြောင်းက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အဲဒီဂိတ်စခန်းနှစ်ခုကို မနေ့ ဇန်နဝါရီ ၂၉ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ တောလှန်ရေးအင် အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ငါးနာရီအကြာမှာ စခန်းနှစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထက်မနည်း သေဆုံးပြီး လေးဦးအရှင်ဖမ်း ဆီးရမိခဲ့သလို ကျန်တပ်ဖွဲ့ဝင်တွေက ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဒူရကစစ်ကြောင်းမှူးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့ပြီး ဂိတ်စခန်းနှစ်ခုကိုတော့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ဒူရကစစ်ကြောင်း ဦးဆောင်မှုနဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF ၊ ဖက်ဒရယ်ဓူဝံကြယ်ဒရုန်းတပ်ဖွဲ့နဲ့ ဒေါင်းညီ နောင်စစ်ကြောင်း ပူးပေါင်းအဖွဲ့တွေက ပါဝင်တိုက်ခိုက်ခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲပြီးနောက် ထားဝယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေက အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွှေဂူတံတားဂိတ်အနီးပတ်ဝန်းကျင်မှာ လာရောက်တပ်စွဲထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ဒူရကစစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.