တနင်္သာရီ၊ ဇန်နဝါရီ ၃၀
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ရှိ ကျေးရွာနှစ်ရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးအပါအဝင် ဒရုန်းနဲ့တိုက်ခိုက်မှုတွေကြောင့် ဒေသခံ အမျိုးသမီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်သုံးလုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ ဇန်နဝါရီ ၂၉ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်က မော်တုန်းအခြေစိုက် အမှတ် ၃၀၆ အ မြောက်တပ်ကနေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လယ်တောင်ယာရွာနဲ့ ညောင်ပင်ကုန်းကျေးရွာတွေထဲကို လက်နက်ကြီးအပါအဝင် ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တစ် လုံးဟာ လယ်တောင်ယာကျေးရွာက နေအိမ်တစ်ဆောင်ပေါ်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ခဏအကြာမှာပဲ အဲဒီအိမ်ပေါ်ကို ဒရုန်းနဲ့ထပ်မံ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် လယ်တောင်ယာရွာက အသက် ၁၀ နှစ်ကျော်အရွယ် ငါးတန်းကျောင်းသူတစ်ဦးအပါအဝင် အမျိုးသမီးငါးဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး အဒီထဲကတစ်ဦးဟာ ဒဏ်ရာပြင်းထန်ရရှိခဲ့သလို နေအိမ်တစ်ဆောင်လည်း ပျက်စီးခဲ့တာပါ။
အဲဒီနေ့ ညနေ ၅ နာရီခွဲအချိန်ခန့်မှာလည်း မော်တုန်းအခြေစိုက် အမှတ် ၃၀၆ အမြောက်တပ်ကနေ ညောင်ပင်ကုန်းကျေးရွာကို ဒရုန်းနဲ့ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၂ ဆောင် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးနဲ့ ဒရုန်းဗုံး ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံတွေကို စစ်ကောင်စီက PDF သွားလာလှုပ်ရှားတဲ့ ကျေးရွာဖြစ်တယ်ဆိုပြီး တနင်္သာရီမြို့နယ် စစ်ဆေးရုံမှာ ဆေးဝါးကုသခွင့်မပေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်ရှိ ပဝ ကျေးရွာနဲ့ အရှေ့သာရဖုံကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသား လေးဦးနဲ့ အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – တနင်္သာရီးရိုးမ ပကဖ