ညောင်လေးပင်၊ ဇန်နဝါရီ ၃၀
ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် ထိန်းချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ဇန်နဝါရီ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
KNU ရွှေကျင်မြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့က ဝိုင်းကျွန်းကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာနေ အသက် ၁၆ နှစ်အရွယ် မဝင်းပပသိန်းနဲ့ မောင်အောင်မြင့်မြတ်တို့ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။
အလားတူ ဇန်နဝါရီ ၂၇ ရက်နေ့ကလည်း KNU ရွှေကျင်မြို့နယ် ညောင်ပင်ကြီးကျေးရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မောင်ထက်လင်းနိုင်အပါအဝင် အရပ်သားပြည်သူ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီနေ့မှာပဲ KNU ကျောက်ကြီးမြို့နယ် နတ်တလင်းကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၄ နှစ်အရွယ် မအိအိ၊ အသက် ၈၄ နှစ်အရွယ် ဒေါ်ဖွားဖွားတို့ ထိမှန်ဒဏ်ရာရရှိခဲ့တာပါ။
ဇန်နဝါရီ ၂၈ ရက်နေ့မှာတော့ ညောင်လေးပင်မြို့အခြေစိုက် စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပျဉ်းရေကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ ကျေးရွာနေ အသက် ၆၉ နှစ်အရွယ် ဒေါ်စန်းမြင့် ဗုံးစထိမှန်သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း ပြည်သူပိုင်နေအိမ်လေးလုံးနဲ့ ဘုန်းကြီးကျောင်း နှစ်ကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
KNU ဗဟိုရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU