ထားဝယ်၊ ဇန်နဝါရီ ၂၉

တနင်္သာရီတိုင်း ထားဝယ်မြို့အဝင်ရှိ စစ်ကောင်စီရဲ့ ကမြောကင်းတံတား စစ်ဆေးရေးဂိတ် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းထံကနေ သိရပါတယ်။

တပ်အင်အား ဆယ်ချီဝန်းကျင်နဲ့ တပ်စွဲထားတဲ့ ထားဝယ်မြို့နဲ့ လောင်းလုံးမြို့ကို ဆက်သွယ်ထားတဲ့ မြို့အဝင် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်အား ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့ ည ၇ နာရီအချိန်ခန့်မှာ ဒူရကစစ်ကြောင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် အချိန်နာရီဝက်နီးပါးအကြာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ဆေးရေးဂိတ်မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် လောင်းလုံးမြို့နယ် ကဘူကျေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ အမျိုးသမိးတစ်ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ထားဝယ်မြို့အဝင်ဂိတ် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဟာ ထားဝယ်မြို့မှ လောင်းလုံးမြို့နယ် ကဘူကျေးရွာအထိ အင်အားဖြန့်ကျက်ထားပြီး ကင်ပုန်းဝပ်တာနဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ လုပ်ဆောင်နေတာပါ။

အဲဒီတိုက်ခိုက်မှုကို ဒူရက စစ်ကြောင်းရဲ့ ဦးဆောင်မှုနဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)၊ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)နဲ့ ဖက်ဒရယ်ဓူဝံကြယ်ဒရုန်းတပ်ခွဲ (FPF) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့ကလည်း ထားဝယ်မြို့နယ်ရှိ မဲချောင်းစခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ် ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဒူရကစစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.