မော်လမြိုင် ၊ ဇန်နဝါရီ ၂၉

၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ကောင်စီဘက်က ပြောဆိုနေပေမယ့် ပဋိပက္ခအကျပ်အတည်းတွေမှာသာ စိတ်ရောက်နေကြတယ်လို့ စစ်အုပ်ချုပ်ရေးယန္တရားအတွင်းရှိ ပြည်သူ လူထုတွေက ပြောပါတယ်။

မြေပြင်တိုက်ပွဲတိုင်း ရှုံးနိမ့်မှုတွေ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက ရွေးကောက်ပွဲကို မဖြစ်မနေ ပြု လုပ်ပေးသွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပြောထားတာပါ။

ရွေးကောက်ပွဲမတိုင်ခင် ကြိုတင်ညှိနှိုင်းချက်တွေရရှိဖို့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ် ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC နဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့တို့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးမှုတွေအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သဘောထားစုစည်းချက် ၄၃ ချက် ရရှိထားပြီးလို့ နိုင်ငံရေးပါတီတွေဘက်က ထုတ်ပြောထားတာကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ဖော်ပြထားတာပါ။

နိုင်ငံရေးပါတီများအစုအဖွဲ့ခေါင်းဆောင် ဦးကိုကိုကြီးက ဖွဲ့စည်းပုံမှာ အခြေခံကျတဲ့ အခန်း ၁ နိုင်ငံ တော်အခြေခံမူတွေမှာ အချက် ၁၀ ချက်ကို ပြင်ဆင်ထားတယ်လို့ BBC မြန်မာပိုင်းကို ဖြေကြားထားတာ တွေ့ရပါတယ်။

အဲဒီထဲမှာ အဓိကကျတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးကိစ္စကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တရားဝင်ပြဌာန်းဖို့ သဘောတူခဲ့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။

ရွေးကောက်ပွဲအလွန် ဖြစ်ပေါ်လာမယ့် လွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးကြိုတင်သဘောတူညီချက်တွေရဖို့ နိုင်ငံရေးပါတီတွေက ဒီလိုမျိုး ကြိုးပမ်းနေပေမယ့် လူထုတွေကတော့ မျှော်လင့် ချက်မဲ့နေကြပါတယ်။

ဂျိုင်းမြစ်ဝှမ်းဒေသခံတစ်ဦးက စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို စဉ်းစားလို့မရဘဲ ပြည်သူတွေဟာ တိုက်ပွဲထပ်ဖြစ်မှာကို စိုးရိမ်နေကြတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီရွေးကောက်ပွဲကိစ္စ မျှော်လင့်ဖို့က ဘာအချက်မှမရှိဘူး။ ဘာမှမစဉ်းစားရဘူး။ ဒီလိုမျိုး ရွေး ကောက်ပွဲနဲ့ဆိုင်တဲ့ အရာတွေအကုန်လုံးက နယ်ကလူတွေ ဘာမှထပ်မစဉ်းစားရဘူး။ အခုနယ်မှာရှိတဲ့ ပြည်သူတွေက စစ်ထပ်ဖြစ်မှာကြောက်လို့ အဲဒီအကြောင်းပဲ သူတို့စိုးရိမ်နေရတာပေါ့။ တခြားဟာ ဘာမှမရှိပါဘူး။ နောက်တစ်ခေါက်ပြန်ဖြစ်မှာကြောက်လို့ အဲဒီလိုမျိုး စိုးရိမ်မှုတွေ အများကြီး ရှိတယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လနှောင်းပိုင်းကနေ ဧပြီနှောင်းပိုင်းအတွင်း တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဂျိုင်းမြစ်ဝှမ်းဒေ သမှာ သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးသင့်ခဲ့ရပြီး စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ် ၄၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရတာပါ။

လက်ရှိမှာလည်း မွန်နဲ့ကရင်အစပ် ဂျိုင်းမြစ်ဝှမ်းဒေသက ကော့ဘိန်း၊ဓမ္မသနဲ့ တရနာစတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားတိုးပြီး အရပ်သားနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေ ဗျူဟာကျတဲ့ နေရာတွေမှာ တပ်စွဲထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တစ်ဘက်မှာ အမျိုးသမီးတွေအပါအဝင် လူငယ်တွေကို စစ်ထဲသွတ်သွင်းဖို့ နိုင်ငံတွင်း ချုပ်နှောင်ထားတဲ့ စစ်မှုထမ်းနည်းဥပဒေကြောင့် ရတက်မအေး ဖြစ်နေကြရတယ်လို့ ပြည်သူတွေက ဆိုပါတယ်။

စစ်ကောင်စီ အပတ်စဉ်ခေါ်ယူနေတဲ့ စစ်မှုထမ်းသင်တန်းအတွက် အရင်လိုမျိုး လူအစားထိုး အငှားခေါ်ယူလို့ မရတာကြောင့် ဒေသတွင်းက လူငယ်တွေကို နည်းအမျိုးမျိုးနဲ့ ဖမ်းဆီးပြီး စစ်သင်တန်းကျောင်းပို့တာတွေ လုပ်လာနေတာပါ။

ဒီလိုမျိုး လူထုတွေအပေါ် အကျပ်အတည်းမျိုးစုံ သက်ရောက်နေတဲ့ကြားက စစ်ကောင်စီဟာ ရွေး ကောက်ပွဲကျင်းပဖို့ မဲစာရင်းပြုစုရေးနဲ့ အိမ်ထောင်စုအမှတ်စဉ်တွေ ဖြည့်သွင်းနိုင်ရေးအတွက် ပြင် ဆင်လာနေပါတယ်။

ရေးဒေသခံတစ်ဦးကတော့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ရွေးကောက်ပွဲလုပ်ဖို့ မသင့်သလို ရေးမြို့နယ်မှာလည်း ပဋိပက္ခတွေ ဖြစ်လာနိုင်ကြောင်း အချင်းချင်းကြား သုံးသပ်တာတွေ ရှိတယ်လို့ ပြောပါတယ်။

“ရွေးကောက်ပွဲတွေ ဘာတွေကျတော့ အမှန်တကယ်လုပ်ဖို့ မသင့်ဘူးလို့ ထင်တာပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်မှာ နိုင်ငံရေးလည်း (လက်နက်ကိုင်တိုက်ပွဲတွေ) မပြီးသေးဘူးဆိုတော့ ရွေး ကောက်ပွဲလုပ်ဖို့က ဘယ်လိုမှ သက်ရောက်မှု မရှိဘူးပေါ့။ သတင်းကြားနေတာ ရေးမြို့နယ်မှာ ဒီနှစ်တော်တော်လေး ပဋိပက္ခဖြစ်မယ်လို့ တစ်ယောက်စကား တစ်ယောက်ပြောနေကြတာဆိုတော့ ရေးမြို့ နယ်မှာ ပဋိပက္ခဖြစ်နိုင်ခြေများတာပေါ့လေ သုံးသပ်ထားတာ” လို့ ဆိုပါတယ်။

စစ်အုပ်ချုပ်ရေးအမိန့်အဖြစ် ကြေညာခံထားရတဲ့ ရေးမြို့ နယ်မှာ ဇန်နဝါရီ ဒုတိယပတ်ကနေ တတိ ယပတ်အထိ မွန်၊ ကရင် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ကြား ကျုံလောင်းကျေး ရွာအနီးမှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

ဒေသတွင်းလှုပ်ရှားနေတဲ့ မွန်လက်နက်ကိုင်တော်လှန်ရေး ၄ ဖွဲ့ကလည်း စစ်ကောင်စီရဲ့ တပ်ရင်းတွေ အရေးကြီးတဲ့ စစ်ဌာနတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ ဇန်နဝါရီ ၁၉ ရက်နေ့မှာ ရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းထားတာပါ။

လှုပ်ရှားနယ်မြေကိုတော့ မွန်ပြည်နယ်တစ်ခုလုံး သတ်မှတ်ထားတာကြောင့် စစ်ဆင်ရေးတွေ တိုးမြှင့်ဖော်ဆောင်လာနိုင်ခြေမြင့်မားလာတဲ့အတွက် စစ်ရေးပဋိပက္ခ ပြင်းထန်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။

ရာမညစစ်ကြောင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သီရိမွန်ချမ်းက ဒေသခံလူထုတွေရဲ့ စိုးရိမ်မှုအပေါ် ကျင့်ဝတ်တွေ ဥပဒေတွေကို လိုက်နာပြီး ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ကြိုးစားပေးသွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီစိုးရိမ်မှုအပေါ် မိမိတို့ ရာမညပူးတွဲစစ်ကြောင်းအနေနဲ့ စစ်ဆင်ရေးဖော်ဆောင်တဲ့နေရာမှာ Code of conduct လို့ ခေါ်တဲ့ စစ်သည်တော်ကျင့်ဝတ်တွေ International Human Rights Law (နိုင်ငံ တကာလူ့အခွင့်အရေးဥပဒေ) တွေကို လိုက်နာပြီးတော့ မွန်ပြည်သူပြည်သားတွေ မထိခိုက်အောင်၊ ပြည်သူပြည်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ မထိခိုက်နိုင်အောင်၊ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားပေးမှာပါဆိုတာကို အခါအခွင့်ပေးတိုင်း အစဉ်တစိုက် ကတိပေး‌ ပြောကြားခဲ့တာ ရှိပါတယ် ခင်ဗျာ” လို့ ဆိုပါတယ်။

စစ်ကြောင်းကိုတော့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA၊ မွန်ပြည်သစ်ပါတီ AD ရဲ့ မွန်အ မျိုးသား လွတ်မြောက်ရေးတပ်မတော် MNLA-AD၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF နဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF တို့ ဖွဲ့စည်းထားတာပါ။

လာမယ့် ရက်ပိုင်းအတွင်း နိုင်ငံကို အရေးပေါ်ကာလအဖြစ် စစ်ကောင်စီ သက်တမ်းတိုးမယ့် အခင်း အကျင်းမှာ စစ်ရေးရော နိုင်ငံရေးအရပါ ပြိုင်ဆိုင်မှု ပြင်းထန်လာနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.