မော်စကို၊ ဇန်နဝါရီ ၂၇
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်နဲ့ ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောကြားလိုက်ပါတယ်။
ရုရှားနိုင်ငံပိုင် ရုပ်သံလိုင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအတွင်း သမ္မတ ပူတင်က အခုလိုမျိုး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ရုရှားအနေနဲ့ ညှိနှိုင်းမှုတွေ လုပ်ဖို့ အမြဲလမ်းဖွင့်ထားပြီး အဆင်သင့် ပြင်ထားတယ်လို့ သမ္မတ ပူတင်က ဆိုပါတယ်။
မိမိတို့အနေနဲ့ ဒီကနေ့အချိန် လက်တွေ့အခြေအနေတွေအပေါ် အခြေခံပြီး တွေ့ဆုံဆွေးနွေးတာ ပိုကောင်းလိမ့်မယ်လို့ ရုရှားသမ္မတက ပြောပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ ယူကရိန်းကို ရုရှားက စတင် ကျူးကျော် တိုက်ခိုက်ခဲ့ပြီး အခုအချိန်မှာ ယူကရိန်းကလည်း ရုရှား ပိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်နေပါတယ်။
ရုရှားခေါင်းဆောင်က သူ့အနေနဲ့ ယူကရိန်းကို အဲဒီထက် စောပြီး တိုက်ခိုက်ခဲ့သင့်တယ်လို့ ပြောဆိုထားပါတယ်။
ဒေါ်နယ် ထရန့် အိမ်ဖြူတော်သို့ ရောက်လာပြီးနောက် အမေရိကန်က ယူကရိန်းသို့ ပေးပို့နေတဲ့ စစ်ရေး အကူအညီတွေ ဆက်ပေးဖို့ မသေချာတော့ဘူးဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်ခဲ့ပေမယ့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အမေရိကန်ရဲ့စစ်ရေး အကူအညီ ပေးပို့မှု ရပ်တန့် မသွားသေးဘူးလို့ ဇန်နဝါရီ ၂၆ ရက်မှာ ပြောကြားထားပါတယ်။
မော်စကိုအနေနဲ့ စစ်ပွဲ အဆုံးသတ်ရေး ဆောင်ရွက်မှု မရှိဘူးဆိုရင် ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှုအသစ်တွေ ပြုလုပ်သွားမယ်လို့ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်ထားပါတယ်။
စီးပွားရေး ကျဆင်းနေတဲ့ ရုရှားကို အခုလို ညှိနှိုင်းရေး တိုက်တွန်းတာဟာ မိမိအနေနဲ့ ရုရှားကို အကူအညီ ကြီးကြီးမားမား ပေးနေတာ ဖြစ်တယ်လို့ သမ္မတ ထရန့်က ပြောဆိုထားတာပါ။
အဓိပ္ပါယ် မရှိတဲ့ စစ်ပွဲကို အခု မရပ်တန့်ဘူးဆိုရင် ပိုဆိုးလာလိမ့်မယ်လို့ ထရန့်က ပြောပါတယ်။
နိုင်ငံပိုင် သတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးအတွင်း ပူတင်က ဘိုင်ဒန် မဟုတ်ဘဲ ဒေါ်နယ် ထရန့်သာ အိမ်ဖြူတော်ဆီ စောစော ရောက်ခဲ့ရင် စစ်ပွဲကို ရှောင်ရှားကောင်း ရှောင်ရှားနိုင်ခဲ့လိမ့်မယ်လို့ ပြောကြား ပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ ဒေါ်နယ် ထရန့် ရွေးကောက်ပွဲ အနိုင်ရခဲ့ရင် ယူကရိန်းစစ်ပွဲကို ရှောင်ရှားနိုင်ခဲ့လိမ့်မယ်လို့ သမ္မတပူတင်က ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီ ရွေးကောက်ပွဲမှာ သမ္မတ ထရန့်က သူအနိုင်ရတယ်ဆိုတဲ့ ပြောဆိုမှုကိုလည်း ပူတင်က ထောက်ခံ ပြောကြားထားပါတယ်။
ယူကရိန်းအရေးနဲ့ ပတ်သက်လို့ ထရန့်နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးလိုကြောင်း ပူတင်က အရင်ကတည်းက ပြောဆိုထားပြီး ဖြစ်ပါတယ်။
Ref:UPI