ဆီယက်တယ်၊ ဇန်နဝါရီ ၂၄

အမေရိကန်မှာ မွေးဖွားသူတွေကို အမေရိကန်နိုင်ငံသား အလိုအလျောက် ဖြစ်ခွင့်ပေးနေမှုကို ရီပက်ဘလေကန် သမ္မတ ဒေါ်နယ် ထရန့်က တားမြစ်ကြောင်း အမိန့် ကြေညာခဲ့ပြီးနောက် ဖက်ဒရယ် တရားသူကြီးတစ်ဦးက အဲဒီ အမိန့်ကို အစိုးရက အကောင်အထည် မဖော်နိုင်စေရေး ဇန်နဝါရီ ၂၃ ရက်မှာ တားမြစ်ပြီး ဖွဲ့စည်းပုံနဲ့ လုံးဝ မညီတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန်မှာ မွေးဖွားတဲ့ ကလေးတွေကို အမေရိကန်နိုင်ငံသား ဖြစ်ခွင့် အလိုအလျောက် ပေးနေမှုကို တားမြစ်တဲ့ အမိန့်ကို ဒေါ်နယ်ထရန့်က သူ့ရဲ့ သမ္မတ သက်တမ်း ပထမဆုံးနေ့မှာပဲ လက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်။

ဆီယက်တယ်မြို့ အခြေစိုက် ဒေသန္တရ တရားသူကြီး ဂျွန် ကောက်ဟန်နော်က ဒီမိုကရက်တို့ ဦးဆောင်တဲ့ ပြည်နယ်လေးခု ဖြစ်တဲ့ ဝါရှင်တန်၊ အာရီဇိုးနား၊ အီလီနှိုက်စ်နဲ့ အော်ရီဂွန်တို့အနေနဲ့ သမ္မတ အမိန့်ကို အစိုးရက အကောင်အထည်မဖော်ဖြစ်အောင် တားမြစ်ကြဖို့ တိုက်တွန်းပြီး ယာယီ တားမြစ်မိန့် ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်မှာ မွေးတဲ့ ကလေးတွေအနေနဲ့ မိဘနှစ်ပါးစလုံးဟာနိုင်ငံသားတွေ ဒါမှမဟုတ် တရားဝင် နေထိုင်သူတွေ ဖြစ်မှ အလိုအလျောက် နိုင်ငံသား ဖြစ်ခွင့် ရှိတယ်လို့ သမ္မတ ထရန့်က အမိန့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ထရန့်ရဲ့ အမိန့်ဟာ အမေရိကန် ဖွဲ့စည်းပုံ ၁၄ ကြိမ်မြောက် ပြင်ဆင်ချက်ပါ နိုင်ငံသားဖြစ်ခွင့် သတ်မှတ်ချက် ဖြစ်တဲ့ နိုင်ငံတွင်းမှာ မွေးဖွားသူတိုင်း အလိုလို နိုင်ငံသား ဖြစ်ခွင့်ရှိတယ်ဆိုတဲ့ သတ်မှတ်ချက်ကို ချိုးဖောက်တာ ဖြစ်တယ်လို့ ပြည်နယ်တွေက ပြောဆိုနေကြတာပါ။

ထရန့် အမိန့်ကို တရားသူကြီးက ၁၄ ရက် ယာယီ တားမြစ်လိုက်ပြီး အဲဒီအချိန်အတွင်း တားမြစ်မိန့်နဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

တရားသူကြီးတွေ အနေနဲ့ သမ္မတရဲ့ အမိန့်ကို နောက်ထပ် မကန့်ကွက်ကြဖို့ တိုက်တွန်းတဲ့ ကြေညာချက်ကို လာမယ့် သီတင်းပတ်မှာ ထုတ်ပြန်ဖို့ စီစဉ်ထားတယ်လို့ အမေရိကန် တရားရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။

ထရန့်ရဲ့ အမိန့် အသက်ဝင်လာခဲ့လို့ရှိရင် ဖေဖော်ဝါရီ ၁၉ ရက် နောက်ပိုင်း အမေရိကန်မှာ မွေးတဲ့ ကလေးငယ် တစ်သိန်းခွဲကျော်ဟာ နှစ်စဉ် အမေရိကန်နိုင်ငံသား ဖြစ်ခွင့် ငြင်းပယ်ခံရမှာ ဖြစ်ပြီး သူတို့ရဲ့ မိခင်နိုင်ငံတွေဆီ ပြန်ပို့ခံရမှာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.