သထုံ၊ ဇန်နဝါရီ ၂၅

မွန်ပြည်နယ် သထုံမြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်တို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ ဒရုန်းနဲ့ တိုက် ခိုက်မှုတွေကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူနှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။

ဇန်နဝါရီ ၂၃ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ဟာ ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာထဲကို ဒရုန်းနဲ့ဗုံးနှစ်လုံး လာရောက်ကြဲချသွားတဲ့အတွက် ကျေးရွာလမ်းအပေါ်မှာရှိနေတဲ့ ဝင်းကံကျေးရွာနေ စောအယ်စိုး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီနေ့မှာပဲ သထုံမြို့နယ် ထို့ကော်ကျိူးကျေးရွာထဲကို စစ်ကောင်စီရဲ့ အမှတ် ၉ ခြေမြန်တပ်ရင်းကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာနေ အသက် ၁၃ နှစ်အရွယ် စောကျော်ထက်ဟိန်း ထိမှန်ဒဏ်ရာရရှိခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကားဝပ်ရှော့ရုံဟောင်းနဲ့ နေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူတွေလည်း စိုးရိမ်ထိတ်လန့်နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ပြောခွင့်ရ ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

အခုလအတွင်း စစ်ကောင်စီတပ်ဟာ KNU သထုံခရိုင်ရဲ့ အုပ်ချုပ်နယ်မြေတွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်းနဲ့သထုံမြို့နယ်အတွင်းက ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဒရုန်းနဲ့ဗုံးချတာတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် ဌက်ပျောတောကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.