ဝိုင်းမော်၊ ဇန်နဝါရီ ၂၄

ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၈ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇန်နဝါရီ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁ ရက်နေ့ကနေ ဇန်နဝါရီ ၂၃ နေ့အထိ ဝိုင်းမော်မြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ကိုးဦးနဲ့ အမျိုးသမီး ကိုးဦး စုစုပေါင်း ၁၈ ဦး သေဆုံးခဲ့တာကို အမည်နဲ့ တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် နှစ်ဦး ပါဝင်ပြီး သေဆုံးသူ အားလုံးဟာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၀ ရက်နေ့က ဝိုင်းမော်မြို့ စန်းကားကျေးရွာကို စစ်ကောင်စီမှ လေကြောင်းကနေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအတွင်းရှိ “ဝေဆာမနောမြေ” တစ်သျှူးငှက်ပျော်ကုမ္ပဏီခြံဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုထိန်ထိန်လင်းမှာ ဗုံးစထိမှန် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ လက်ပါးစေအဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၆၂၀၃ ဦး သေဆုံးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.