ရန်ကုန် ၊ ဇန်နဝါရီ ၂၅

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်မှာ တရုတ်နိုင်ငံအနေနဲ့ အပြုသဘောဆောင်တဲ့ အကူအညီတွေ ပေးအပ်မှုအပေါ် တန်ဖိုးထားတယ်လို့ စစ်ကောင်စီ ဒုဝန် ကြီးချုပ် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောပါတယ်။

ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇန်နဝါရီ ၂၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ တရုတ်နှစ်သစ်ကူးအခမ်းအနားကို စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား တက်ရောက် ပြီး ပြောကြားခဲ့တာပါ။

ဒေသတွင်းသာမက နိုင်ငံတကာအသိုက်အဝန်းကပါ တရုတ်နိုင်ငံရဲ့ စဉ်ဆက်မပြတ် အပြုသဘောဆောင်တဲ့ အားပေးထောက်ခံမှုတွေအတွက် များစွာတန်ဖိုးထားသလို တရုတ်နိုင်ငံရဲ့ နားလည်မှုနဲ့ အကူအညီပေးမှုတွေကိုလည်း များစွာတန်ဖိုးထားတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းမှုအတွင်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး တရုတ်အနေနဲ့ စီမံကိန်းအကျိုးစီးပွားတွေအ တွက် နီးစပ်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ စစ်ကောင်စီတို့ကို ကြားဝင်စေ့စပ်မှုတွေ လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။

ISP-Myanmar ရဲ့ အချက်အလက်တွေအရ ရှမ်းမြောက်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ တရုတ်ရဲ့ မဟာဗျူဟာကျရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၂၃ ခုထဲက ၁၃ ခုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တွေက အပြည့်အဝထိန်းချုပ်ထားတာပါ။

စစ်ကောင်စီတပ်ကို အလဲလဲအပြိုပြိုဖြစ်စေခဲ့တဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် နှစ်ဘက်အဖွဲ့ကြား ဟိုင်ဂင်သဘောတူညီချက်ရရှိဖို့ တရုတ်အစိုးရက ကြားဝင်ညှိနှိုင်းပေးခဲ့ပါတယ်။

ဒါပေမယ့် အဲဒီသဘောတူညီချက်ဟာ တရုတ်နယ်စပ် ရှမ်းမြောက်အတွင်း ၅ လကျော်သာ အသက် ဝင်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ပြန်လည်စတင်ကာ တိုင်းစစ်ဌာနချုပ်နှစ်ခုအထိ စစ်ကောင် စီ အပြီးသတ်လက်လွှတ်ခဲ့ရပါတယ်။

အဲဒီနောက်ပိုင်း တရုတ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် နယ်စပ်ရှိ မြောက်ပိုင်းက တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တချို့ဟာ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အသင့်ရှိတယ်ဆိုပြီး ကြေညာချက် ကိုယ်စီ ထုတ်ပြန်လာကြတာပါ။

ဒါကြောင့် တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းမှုကို အကြောင်းပြုကာ စစ်ကောင်စီနဲ့ ကိုးကန့်တပ် MNDAA တို့ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ တရုတ်နိုင်ငံ ခြားရေးဌာနက ဇန်နဝါရီ ၂၀ ရက်နေ့မှာ ထုတ်ပြောခဲ့ပါတယ်။

တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ ပြည်တွင်းအခြေအနေ ပြန်လည်တည်ငြိမ် အရှိန်လျော့လာရေးကို ဖော်ဆောင်သွားဖို့ မျှော်လင့်တဲ့အတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်သွားဖို့ ဆန္ဒရှိတယ်လို့ ပြီးခဲ့တဲ့နှစ်ကတည်းက အသိပေးထားတာပါ။

စစ်ကောင်စီကတော့ ၂၀၂၅ ခုနှစ်အတွင်း နှစ်နိုင်ငံကြားရှိ ပြည်သူတွေအားလုံး ဘယ်လိုစိန်ခေါ်မှုမျိုးကိုမဆို အောင်မြင်စွာ ကျော်ဖြတ်နိုင်ပြီး နှစ်နိုင်ငံအကြား အိမ်နီးချင်းကောင်း မိတ်ဆွေကောင်းတွေအဖြစ် ပူးပေါင်းမှုတွေ တိုးချဲ့သွားနိုင်မယ်လို့ အပြည့်အဝယုံကြည်ကြောင်း ပြောပါတယ်။

နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ခေတ်သစ်မှာ အပြန်အလှန်ဖလှယ်မှုတွေနဲ့ နီးကပ်စွာ ပူးပေါင်းဆောင် ရွက်မှုကနေတဆင့် နှစ်နိုင်ငံဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက် မိတ်ဘက်ဆက်ဆံရေးအ ဆင့်အထိ တိုးမြှင့်နိုင်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.