ဖာပွန်၊ ဇန်နဝါရီ ၂၅
ကတိုင်တိစခန်းကို သိမ်းပိုက်ရှင်းလင်းထားနိုင်ပြီဖြစ်ပေမယ့် စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နယ်ခြားစောင့်တပ် BGF တပ်ရင်းဌာနချုပ်ကနေ ဆက်လက်ခုခံနေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံ လွင်တိုင်းမ်ကို ပြောပါတယ်။
ကရင်ပြည်နယ်၊ ဖာပွန်-ကမမောင်း လမ်းမကြီးပေါ်မှာရှိပြီး ကမမောင်းမြို့ကနေ ၁၅ မိုင်ကျော်ဝေးတဲ့ ကတိုင်တိကျေးရွာထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော် KNLA တပ်မဟာ ၅ ဦးဆောင်တဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တို့က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။
KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ ကတိုင်တိစခန်းကို ဇန်နဝါရီ ၂၃ ရက်နေ့မှာ ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကတိုင်တိစ ခန်း အနောက်ဘက်နားရှိ ကရင်နယ်ခြားစောင့်တပ် BGF တပ်နယ်(၁)လက်အောက်ခံ ဗိုလ်မှူးစောလှကြိုင်ဦးဆောင်တဲ့ အမှတ်(၁၀၁၃)တပ်ရင်းဌာနချုပ်ဆီ ပြန်လည်စုစည်းခုခံနေခဲ့တာဖြစ်ပါတယ်။
BGF ၁၀၁၃ တပ်ရင်းဌာနချုပ်ဆီ ပြန်လည်စုစည်းခုခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ အင်အားဟာ ၁၀၀ ကျော် ကျန်ရှိနေဦးမယ်လို့ ခန့်မှန်းရကြောင်း ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။
ကတိုင်တိစခန်းကနေ BGF ၁၀၁၃ တပ်ရင်းဌာနချုပ်ထဲကို စစ်ကောင်စီတပ်ဖွဲ့တွေ ဆုတ်ခွာထွက် ပြေးလာပြီး ပြန်လည်စုစည်းခုခံတိုက်ခိုက်နေပေမယ့် အဲဒီ BGF တပ်ရင်းဌာနချုပ်ကိုလည်း တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့အနေနဲ့ တိုက်ခိုက်သိမ်းပိုက်ရရှိနိုင်လိမ့်မယ်လို့ BGF သတင်းရင်းမြစ်တစ်ဦးက သုံးသပ်ပါတယ်။
ကရင်နယ်ခြားစောင့်တပ BGF ၁၀၁၃ တပ်ရင်းဌာနချုပ်ထဲက BGF တပ်ဖွဲ့ဝင်တွေကတော့ ကတိုင်တိတိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကတည်းက သူတို့နေထိုင်ရာတပ်ရင်းဌာနချုပ်ဖြစ်တဲ့ ကတိုင်တိကျေးရွာကနေ ကမမောင်းမြို့အနီးက BGF ၁၀၁၄ တပ်ရင်းဌာနချုပ်ဆီကို တပ်ဖွဲ့ဝင်အားလုံး ပြောင်းရွှေ့ထားပြီဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ ကတိုင်တိတိုက်ပွဲအတွင်း လေကြောင်းကနေ နေ့စဉ် အဆက်မပြတ် ဗုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် ကတိုင်တိဆေးရုံအပါအဝင် ကျေးရွာထဲမှာရှိတဲ့လူနေ အိမ်တွေအများအပြား ထိခိုက်ပျက်စီးဆုံးရှုံးသွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ကတိုင်တိဒေသတိုက်ပွဲကြောင့် ကတိုင်တိကျေးရွာအပါအဝင် အနီးအနားက ကျေးရွာတွေက ဒေသ ခံပြည်သူလူထုထောင်ချီဟာ ကမမောင်း၊ မြိုင်ကြီးငူနဲ့ ဘီးလင်းမြို့နယ်ထဲက ကျေးရွာတွေထဲကို ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media