ဆိုးလ်၊ ဇန်နဝါရီ ၂၂

စစ်အုပ်ချုပ်ရေး ဥပဒေကြေညာဖို့ ကြိုးပမ်းခဲ့ချိန်မှာ လွှတ်တော်အမတ်တွေ ဖမ်းဆီးရေး အမိန့်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ခ်ယိုလ်က သူ့ရဲ့ စွပ်စွဲ ပြစ်တင်ခံရမှု ပထမဆုံး ရုံးချိန်းအတွင်း ပယ်ချလိုက်ပါတယ်။

သမ္မတ ယွန်ကို စွပ်စွဲ ပြစ်တင်ဖို့ လွှတ်တော်အမတ်တွေက ပြီးခဲ့တဲ့လမှာ မဲခွဲ ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီနောက် သူ့ကို ရာထူးက လုံးဝဖယ်ရှားရေး တရားရုံးချုပ်က ပြီးခဲ့တဲ့ သီတင်းပတ်က စတင်ပြီး အမှု စစ်ဆေးနေပါတယ်။

သမ္မတ ယွန်ဟာ သီးခြား ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုနဲ့လည်း ရင်ဆိုင်နေရပြီး ဒီအမှုမှာတော့ ပုန်ကန်မှုနဲ့ သူ့ကို စွဲချက်တင်ထားတာ ဖြစ်ပါတယ်။

သူ့ကို ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ဖမ်းဆီးထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ယွန်ကို ထိန်းထားတဲ့နေရာကနေ ဇန်နဝါရီ ၂၁ ရက်က တရားရုံးသို့ ခေါ်ဆောင်လာချိန်မှာတော့ လုံခြုံရေး အထူးတင်းကြပ်ထားခဲ့ပါတယ်။

အရင်က ရုံးချိန်းတွေကို သူက လုံခြုံရေး အကြောင်းပြပြီး တက်ရောက်မှု မရှိခဲ့ပါဘူး။

သူ့ကို တရားရုံးသို့ ခေါ်ဆောင်လာချိန် ရာနဲ့ချီတဲ့ ထောက်ခံသူတွေက နီးသထက်နီးအောင် ကြိုးစားခဲ့ကြတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေဟာ လူသား အကာအရံတွေလုပ်ပြီး ခေါ်ဆောင်ခဲ့ရပါတယ်။

သမ္မတ ယွန်က သူထုတ်ပြန်လိုက်တဲ့ စစ်အုပ်ချုပ်ရေးဥပဒေကို မတားဆီးနိုင်စေရေး လွှတ်တော်အမတ်တွေကို လွှတ်တော်ထဲက ဆွဲထုတ်ဖို့ စစ်ဗိုလ်ချုပ်တွေကို အမိန့်ပေးခဲ့တယ်လို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။

သမ္မတ ယွန်ကို ချက်ချင်း ပြန်လွှတ်ပြီး ရာထူးတာဝန် ပြန်လည်ထမ်းဆောင်ခိုင်းရေး ထောက်ခံသူတွေက တရားရုံး ရုံးချိန်းအပြီးမှာ အော်ဟစ် တောင်းဆိုခဲ့ကြပါတယ်။

သမ္မတကို စစ်အုပ်ချုပ်ရေး ကြေညာဖို့ အကြိမ်ကြိမ် အကြံပေးခဲ့တယ်ဆိုတဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယောင်ဟွန်ကိုတော့ လာမယ့် ဇန်နဝါရီ ၂၃ ရက်မှာ ရုံးတင်ဖို့ ပြင်ဆင်ထားပါတယ်။

Rfe:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.