မော်လမြိုင်၊ ဇန်နဝါရီလ ၂၁
မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းက ကျိုက်ထိုနဲ့ဘီးလင်းမြို့နယ်တွေမှာ စစ်တပ်က ဒရုန်း၊ လက် နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ ဒေသခံ ၁ ဦးဒဏ်ရာရပြီး နေအိမ် ၃ လုံးပျက်စီးခဲ့တယ်လို့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ KNU ဗဟိုက သတင်းထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၁၉ ရက်နေ့ နေ့လယ် ၁ နာရီကျော်ခန့်မှာ အမတ ၃၁၀ တပ်ကနေ လက်နက်ကြီးပစ် ခတ်ခဲ့လို့ ခရွဲကျေးရွာအတွင်းရှိ ဓာတ်တိုင်အနီးကို ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိပေမယ့်လည်း တောမီးလောင်ကျွမ်းခဲ့တာပါ။
အဲဒီနေ့ညနေ ၃ နာရီကျော်ခန့်မှာလည်းဒရုန်းဖြင့် ဗုန်းသီးနှစ်လုံးကြဲချခဲ့ရာ အောင်နဝင်းကုန်းအနီး တစ်လုံး၊ စစ်ကွင်းကျေးရွာထဲတစ်လုံးကျကွဲစဉ် ကိုမိုးမင်းပိုင်ရဲ့ကုန်စုံဆိုင် မီးလောင်ပျက်စီးခဲ့ရပါတယ်။
ဇန်နဝါရီလ ၁၈ ရက်နေ့ နေ့လယ် ၁ နာရီကျော်ခန့်မှာ ငှက်ပျောတောနှင့် တဂေးချောင်းဖျားကြား၊ အာရှလမ်းပေါ်ရှိ မောင်တုကုန်းမှ စစ်ကောင်စီအင်အား သုံးဆယ်ခန့်ရောက်ရှိလာပြီးဒရုန်းနဲ့ပစ်ခတ်ခဲ့လို့ ကရဝေးဆိပ်ကျေးရွာ အဝင်လမ်းနှင့် အာရှလမ်းဒေါင့် ဦးရွှေရဲ့အိမ်ရှေ့ကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ အိမ်နဲ့ဈေးဆိုင်ထိခိုက်ပျက်စီးခဲ့ပြီး ဦးရွှေမှာလည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့ပါတယ်။
ဇန်နဝါရီလ ၁၇ ရက်နေ့မှာလည်း ဘီးလင်းမြို့နယ် မဲပလီအုပ်စု ကစယ်ဖိုးကျေးရွာထဲကို စစ်ကောင် စီမှ ဂျက်လေယာဉ်နဲ့ ဗုံးသီး (၂) လုံး လာရောက်ပစ်ခတ်ရာ ဦးထွန်းမြင့်ရဲ့နေအိမ် ဗုံးသီးကျည်စထိမှန်ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။
လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေတဲ့တပ်တွေဟာ မဲပလီ ၄၀၅၊ အမတ ၃၁၀၊ တပ်မ ၄၄ တို့ဖြစ်ပြီး ခုနောက်ပိုင်းဒရုန်းတွေနဲ့လည်း ရွာတွေဘက်ကို ဗုံးကြဲလာတာတွေလည်းရှိနေတယ်လို့ KNU သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကိုပြောပါတယ်။
ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာဘက်မှာ စစ်ရေးတင်းမာနေလို့ စစ်တပ်ဘက်က လေယာဉ်နဲ့ဗုံးကြဲသလို လက်နက်ကြီးတွေနဲ့လည်း နေ့စဉ်ပစ်ခတ်နေလို့ မဲပလီကျေးရွာအုပ်စု၊ အစူးချောင်းကျေးရွာ အုပ်စုထဲက ကျေးရွာ ၁၂ ရွာက ဒေသခံ ၃၀၀၀ ကျော်ကလည်း ဘေးလွတ်ရာကိုထွက်ပြေးတိမ်း ရှောင်နေကြရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU