ဝါရှင်တန်၊ ဇန်နဝါရီ ၂၁
ဒေါ်နယ်ထရန့်က သမိုင်းဝင် ဒုတိယမြောက် သမ္မတသက်တမ်းအတွက် ဇန်နဝါရီ ၂၀ ရက်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး ရွှေရောင်ခေတ်ကိုရောက်လာစေရမယ်လို့ ကတိပြုလိုက်ပါတယ်။
ဒါပေမဲ့ အမေရိကန် အင်အား လျော့နေတယ်ဆိုတဲ့ အခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့ သူ့ရဲ့ သဘောထား တင်းမာတဲ့ မူဝါဒတွေ ချပြခဲ့ပါတယ်။

၄၇ ဦးမြောက် အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီးနောက် ထရန့်က တရားမဝင် ရွှေ့ပြောင်း နေထိုင်မှု တိုက်ဖျက်ရေးနဲ့ ယဉ်ကျေးမှုစစ်ပွဲ အကြောင်းကို အလေးထား ပြောဆိုသွားပါတယ်။
အမေရိကန်ရဲ့ ရွှေရောင်ခေတ် အခု စတင်ပြီ ဖြစ်ကြောင်း ထရန့်က ပြောကြားပြီး သမ္မတ အထူးအမိန့် ကြေညာချက်တွေ လက်မှတ် ရေးထိုးခဲ့ပါတယ်။
အဲဒီ သမ္မတ အထူးအမိန့် ကြေညာချက်တွေနဲ့အတူ လွှတ်တော်ကို စီးနင်းခဲ့သူ ၁၆၀၀ နီးပါးကို ပြစ်ဒဏ် ကင်းလွတ်ခွင့် ပေးခဲ့ပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်ချိန်က သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုကို ရည်ညွှန်းပြီး သမ္မတ ထရန့်က အမေရိကန်ကို တစ်ခါပြန် ကြီးကျယ်အောင် လုပ်ဆောင်ဖို့ ဘုရားသခင်က မိမိကို ကယ်တင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်လို့ ထရန့်က သူ့အနေနဲ့ ငြိမ်းချမ်းရေး ဆောင်ကျဉ်းပေးသူ စည်းလုံးစေသူ ဖြစ်စေမယ်လို့ ပြောကြားပေမယ့် ပနားမား တူးမြောင်းကို ပြန်ထိန်းချုပ်မယ်လို့လည်း ဆိုပြန်ပါတယ်။
သူ့အနေနဲ့ ကုန်သွယ်ရေး စစ်ပွဲတွေကိုလည်း အသုံးချသွားမယ်လို့ ပြောသလို အင်္ဂါဂြိုဟ်ပေါ်မှာ အမေရိကန် အလံစိုက်ထူသွားမယ်လို့လည်း ဆိုပါတယ်။
အသက် ၇၈ နှစ် ရှိပြီ ဖြစ်တဲ့ ထရန့်ဟာ အမေရိကန်မှာ ကျမ်းသစ္စာ ကျိန်ဆိုတဲ့ အသက်အကြီးဆုံးသမ္မတ ဖြစ်ပြီး မက္ကစီကိုနယ်စပ်မှာ အရေးပေါ် အခြေအနေ ကြေညာပြီး ရွှေ့ပြောင်းနေထိုင်သူတွေကို တားဆီးသွားမယ်လို့ ပြောပါတယ်။
တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ သန်းပေါင်းများစွာကိုလည်း ပြန်လည် ပို့ဆောင်သွားမှာ ဖြစ်ကြောင်း ထရန့်က ပြောကြားပါတယ်။
ထရန့်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ ကမ္ဘာ့အချမ်းသာဆုံး လုပ်ငန်းရှင်ကြီးတွေဖြစ်တဲ့ အီလွန်မက်စ်၊ အမေဇုန်ကုမ္ပဏီ အကြီးအကဲ ဂျက်ဖ် ဘီးဇော့ ၊ဖေ့စ်ဘွတ်ခ် သူဌေး မက်ဇူကာဘက်၊ ဂူဂဲလ် စီအီးအို ဆန်ဒါနဲ့ TikTok စီအီးအိုတို့လည်း တက်ရောက်ခဲ့ကြပါတယ်။
ထရန့်က TikTok ကို အမေရိကန်လုပ်ငန်း တစ်ခုဆီ ရောင်းချရေး အချိန် ၇၅ ရက်ပေးတဲ့ အထူးအမိန့် ကြေညာချက် တစ်ရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ပါတယ်။
သမ္မတ ထရန့်ကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ချီးကျူးခဲ့ပြီး ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ သူနဲ့ ဆွေးနွေးရေး လမ်းဖွင့်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုကလည်း ထရန့်ကို ချီးကျူးပြီး မိမိတို့ မဟာမိတ်ဖွဲ့မှုရဲ့ အကောင်းဆုံး နေ့ရက်တွေ ရောက်လာတော့မယ်လို့ ပြောကြားထားပါတယ်။
Ref:AFP