အမ်း၊ ဇန်နဝါရီ ၂၁
ရခိုင်ပြည်နယ် ရခိုင်ရိုးမတောင်တန်းနဲ့ ထိစပ်နေတဲ့ နယ်နမိတ်တစ်လျှောက်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ AA က ဇန်နဝါရီ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ရခိုင်-ပဲခူးအစပ်၊ ရခိုင်-မကွေးအစပ်၊ ရခိုင်-ဧရာဝတီတိုင်းအစပ်နဲ့ ရခိုင်ရိုးမ-ဧရာဝတီတိုင်းအစပ်တို့မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အမ်းမြို့နယ် အမ်း-ပဒါန်းကာလမ်းမအနီးမှာလည်း တပ်မ ၈၈၊ ၉၉ လက်အောက်ခံတပ် ရင်းတွေ၊ မကွေးကပစတပ်ဖွဲ့တွေနဲ့ AA တို့ကြား ပြီးခဲ့တဲ့ဇန်နဝါရီ ၁၁ ရက်နေ့ကစပြီး အပြန်အလှန်ထိုးစစ်ခံစစ်တွေနဲ့အတူ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ ဖော်ပြထားတာပါ။
တစ်ပတ်ကျော်အကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်သားအလောင်းအ များအပြားနဲ့ လက်နက်ခဲယမ်း စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့သလို စစ်သုံ့ပန်းအချို့လည်း ဖမ်းဆီးရမိခဲ့တယ်လို့ AA က ဆိုပါတယ်။
ရခိုင်-ဧရာဝတီတိုင်းအစပ်ရဲ့ နေရာအချို့၊ ပွိုင့် ၃၆၉ စခန်းကုန်းနဲ့ ဧရာဝတီတိုင်း ရေကြည်မြို့ ချင်းစုကျေးရွာအနီးမှာ နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။
ရခိုင်ဒေသမှာ အာရက္ခတပ်တော်မှာ သိမ်းပိုက်ဖို့ ကျန်ရှိနေတဲ့ မြို့ကြီးသုံးမြို့ဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေထဲမှာ စစ်တွေမြို့နဲ့အနီးတစ်ဝိုက်မှာလည်း စစ်ကောင်စီတပ်ဟာ လက်နက်ကြီး လက်နက်ငယ် ဒရုန်းနဲ့ စနိုင်ပါတွေဖြင့် တောက်လျှောက် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း စစ်တွေမြို့နယ် ကံ့ကော်ကျွန်းကျေးရွာမှ တစ်ဖက်ကမ်းရှိ ဝါဘိုကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဝါဘိုကျေးရွာရှိ အရပ်သားနေ အိမ်အချို့ မီးလောင်ပျက်စီးခဲ့ပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA