ဝါရှင်တန်၊ ဇန်နဝါရီ ၂၁

သမ္မတ ဒေါ်နယ်ထရန့်က ပါရီ ရာသီဥတု သဘောတူညီမှုကနေ အမေရိကန်ကို ဇန်နဝါရီ ၂၀ ရက်မှာ ထပ်မံ နုတ်ထွက်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။

ဒါက ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုကနေ သမိုင်းဝင် ကာဗွန်ဒိုင်အောက်ဆိုက် အများဆုံး ထုတ်လွှတ်နေတဲ့ အမေရိကန်ကို ဆယ်စုနှစ်တစ်ခုအတွင်း ဒုတိယမြောက် နုတ်ထွက် စေလိုက်တာ ဖြစ်ပါတယ်။

ရာသီဥတု ပြောင်းလဲမှုရဲ့ ပြင်းထန်တဲ့ ရိုက်ခတ်မှုတွေကို ရှောင်ရှားရေး ကမ္ဘာကြီးရဲ့ အပူချိန်ကို ၁ ဒဿမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ လျှော့ချရေး နိုင်ငံတကာက ၂၀၁၅ ခုနှစ်အတွင်း သဘောတူထားခဲ့ကြတာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ အဲဒီကမ္ဘာလုံးဆိုင်ရာ သဘောတူညီမှုမှာ အမေရိကန်ဟာ အီရန်၊ လစ်ဗျား၊ ယီမင်တို့နဲ့ အတူ ပါဝင်မှု မရှိတော့ပါဘူး။

ထရန့်က ရေနံနဲ့ သဘာဝဓာတ်ငွေ့ အများဆုံး ထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားပြီး ကမ္ဘာကြီးပူနွေးလာမှု ဆိုတာက လှန့်လုံးတစ်ခု ဖြစ်တယ်ဆိုပြီး ဝေဖန်ထားပါတယ်။

မမျှတတဲ့တစ်ဖက်သတ် ဖြစ်နေတဲ့ ပါရီရာသီဥတု သဘောတူညီမှုကနေ အမေရိကန်ကို မိမိနုတ်ထွက်စေလိုက်တယ်လို့ ထရန့်က ပြောဆိုလိုက်တာပါ။

တရုတ်က ဘာအပြစ်မှ အပေးမခံရဘဲ လေထုညစ်ညမ်းအောင် လုပ်ဆောင်နေချိန်မှာ မိမိတို့ စက်မှုလုပ်ငန်းတွေ အခက်တွေ့အောင် လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ထရန့်က ပြောဆိုထားတာပါ။

အမေရိကန် နုတ်ထွက်လိုက်ပေမယ့် အမေရိကန်ရှိ မြို့တွေ ပြည်နယ်တွေအနေနဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု လျှော့ချရေး ကိုယ်ပိုင်အစီအစဉ်တွေနဲ့ ဆက်လက် လုပ်ဆောင်ကြလိမ့်မယ်လို့ ယုံကြည်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်က ဆိုပါတယ်။

အမေရိကန်ဟာ ကမ္ဘာမှာ ရေနံနဲ့ သဘာဝတ်ငွေ့ အများဆုံး ထုတ်လုပ်နေတဲ့ နိုင်ငံ ဖြစ်သလို ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လုပ်မှုလည်း တရုတ်ပြီးရင် ဒုတိယအများဆုံး ဖြစ်ပါတယ်။

ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရာသီဥတု ပြောင်းလဲမှုတွေ ဖြစ်ပေါ်ပြီး သဘာဝ ဘေးအန္တရာယ် ဖြစ်ပွားမှုအကြိမ်ရေ ပိုများလာသလို ပြင်းထန်မှုလည်း ပိုများလာတယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

ထရန့်ဟာ သူ့ရဲ့ ပထမ သမ္မတသက်တမ်း အတွင်းကလည်း ပါရီ ရာသီဥတု သဘောတူညီမှုကနေ အမေရိကန်ကို နုတ်ထွက်စေခဲ့ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.