ရေး၊ ဇန်နဝါရီ ၂၁

မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းဒေသမှာ နှစ်ဖက်တပ်တွေ ဆက်လက်စစ်ဆိုင်ထားတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တော်လှန်ရေးအင်အားစုအဖွဲ့တွေ လှုပ်ရှားမှု အားကောင်းတဲ့ ကျုံလောင်းဒေသထဲကို ပြီးခဲ့တဲ့ ဇန်န ဝါရီ ၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲတွေ ဇန်နဝါရီ ၁၉ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေသလို စစ်ကောင်စီတပ်ကလည်း စစ်ကူတပ်တွေ ထပ်မံစေလွှတ်ပြီး ကျုံလောင်းဒေသရှိ အနီးပတ်ဝန်းကျင် ကျေးရွာတွေမှာ ဝင်ရောက်တပ်စွဲထားပါတယ်။

မွန်ပြည်တော်လှန်ရေးတပ်ဖွဲ့ ပြောခွင့်ရ နိုင်နဂါးကတော့ စစ်ကောင်စီတပ်ဘက်က ဆက်လက်ထိုး စစ်ဆင်လာပါက တိုက်ပွဲတွေဟာ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေတွေအထိ ကျယ်ပြန့်လာနိုင်တယ်လို့ ပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်ဟာ ရေးအခြေစိုက် အမှတ် ၅၈၃ ၊ ၅၉၁ ခြေမြန်တပ်ရင်းတွေအ ပြင် တပ်စွဲထားတဲ့ကျေးရွာတွေကနေ နေ့စဉ်နဲ့အမျှ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်နေပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဇန်နဝါရီ ၁၉ ရက်နေ့ကလည်း ကျောင်းရွာကျေး ရွာရှိ ဒေသခံနေအိမ်နှစ်လုံး ထိမှန်ပျက်စီးခဲ့ပါသေးတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့တို့မှာလည်း လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ထက်မနည်း ပြုလုပ်ထားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ ရေးတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၇၀ ကျော် သေဆုံးပြီး ၃၀ နီးပါး ထိခိုက်ဒဏ်ရာရရှိထားသလို တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ရဲဘော် သုံးဦး ဒဏ်ရာရရှိထားပါတယ်။

ရေးတိုက်ပွဲကြောင့် ကျုံလောင်းဒေသ အနီးပတ်ဝန်းကျင် ကျေးရွာတွေက ရွာပေါင်း ၅ ရွာထက်မနည်း ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှု အကူအညီတွေ လို အပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.