သာယာဝတီ၊ ဇန်နဝါရီ ၁၈
နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ပဲခူးတိုင်း သာယာဝတီ အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦး ရုတ်တရက် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံရေးအကျဉ်းသားများကွန်ယက် PPNM ထံက သိရပါတယ်။
သာယာဝတီထောင်ရှိ အမျိုးသားဆောင် အဆောင် ၄ မှာ လက်နက်ပုဒ်မနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုသူရအောင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့မှာ သေဆုံးခဲ့တာပါ။
အသက် ၃၂ နှစ်အရွယ် ကိုသူရအောင်ကို ပြီးခဲ့တဲ့နှစ် ဇွန်လမှာ မြောက်ဥက္ကလာပ နယ်ထိန်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး လက်နက်ပုဒ်မ ၂၃ (က)နဲ့ စစ်ခုံရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ကိုသူရအောင် ဖမ်းဆီးခံရချိန်မှာ နှလုံးရောဂါနဲ့ ပတ်သက်တဲ့ ရောဂါမရှိဘဲ ကျန်းမာသန်စွမ်းသူတစ်ဦးဖြစ်ပြီး အခုလိုရုတ်တရက် နှလုံးဖောက်ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ ထောင်အာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို မှန်ကန်မှုရှိမရှိစိစစ်ဖို့လိုတယ်လို့ PPNM က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ကလည်း ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား တစ်ဦး လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတာကြောင့် ဆီးကျောက်ရောဂါနဲ့ သေဆုံးခဲ့တာပါ။
PPNM ရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း နိုင်ငံတဝန်းရှိ အကျဉ်း ထောင်တွေမှာ စစ်ကောင်စီရဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုနဲ့ လုံလောက်တဲ့ ဆေးကုသမှု မရတာကြောင့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၃၁ ဦး သေဆုံးခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ