ဘီးလင်း၊ ဇန်နဝါရီ ၁၈

မွန်ပြည်နယ် ဘီးလင်းမြို့နယ် တဂေးလောင်းကျေးရွာရဲ့ အလယ်တန်းကျောင်းကို စစ်ကောင်စီတပ်က အသေခံဒရုန်းနှစ်စင်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ကျောင်းအဆောက်အဦတချို့ ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့ ညနေ ၅ နာရီအချိန်လောက်မှာ စစ်ကောင်စီတပ်ဟာ တဂေးလောင်းကျေးရွာထဲကို အသေခံဒရုန်းနှစ်စင်း ပစ်ခတ်ရာတစ်စီးဟာ စာသင်ကျောင်းခေါင်မိုးအပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး တစ်စီးကကျေးရွာအပြင်ဘက်မှာ ကျရောက်ပေါက်ကွဲခဲ့တာပါ။

စာသင်ကျောင်းအပေါ် အသေခံဒရုန်း ကျရောက်ပေါက်ကွဲခဲ့တဲ့အချိန်ဟာ ကျောင်းလွှတ်ချိန်ဖြစ်တာကြောင့် ထိခိုက်ဒဏ်ရာရတာမရှိခဲ့ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် ပြောခွင့်ရ ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

အသေခံဒရုန်း ကျရောက်ပေါက်ကွဲမှုအတွင်း လူထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် ကျောင်းခေါင်မိုးနဲ့ ပြတင်းပေါက်မှန်တံခါးတွေ ပျက်စီးခဲ့ပါတယ်။

စာသင်ကျောင်း တိုက်ခိုက်ခံရမှုကြောင့် ဇန်နဝါရီ ၁၇ ရက်နေ့မှာ ကျောင်းပိတ်ထားရပြီး ရွာခံအ များစုကလည်း ကြောက်လန့်နေကြတယ်လို့ ဆိုပါတယ်။

အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ စာသင်ကျောင်းဟာ KNU က ဖွင့်လှစ်ထားတဲ့ ကျောင်းဖြစ်ပြီး KG တန်းကနေ G 9 အထိ သင်ကြားနေကာ ကျောင်းသားကျောင်းသူ ၃၀၀ ကျော် တက်ရောက်သင် ကြားနေတာပါ။

ပြီးခဲ့တဲ့နှစ် မတ်လအတွင်းကလည်း တဂေးလောင်းကျေးရွာထဲကို စစ်ကောင်စီတပ် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာစာသင်ကျောင်း အဆောက်အဦတချို့ ပျက်စီးထားပြီး အဲဒီနောက်ပိုင်း ပြန်လည်ပြင်ဆင်ပြီး ကျောင်းပြန်ဖွင့်ထားတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.