မော်လမြိုင် ၊ ဇန်နဝါရီ ၁၈
စစ်ကောင်စီဟာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေထဲ ရောက်ရှိသွားတဲ့ ဆုံးရှုံးနယ်မြေတွေမှာ အရပ်သားတွေ နေလို့မရအောင် ဖျက်ဆီးပစ်တဲ့ မြေလှန်ဗျူဟာ အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ပြောပါတယ်။
ဇန်နဝါရီ ၁၆ ရက်နေ့မှာ ထုတ်ပြန်တဲ့ HRW ရဲ့ ၂၀၂၅ ခုနှစ် ကမ္ဘာ့အစီရင်ခံစာမှာ ဖော်ပြထားပြီး အာ ဏာသိမ်းမှုအတွင်း စစ်ကောင်စီကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ် မှုတွေလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ စစ်ဆင်ရေးတွေမှာ စစ်ဘက်အရပ်ဘက် မခွဲခြားဘဲ အရပ်သားတွေအပေါ် လေ ကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာပြီး ပြည်သူ့အိုးအိမ်တွေနဲ့ လမ်းတံ တားတွေကို ပစ်မှတ်ထားတာတွေ ပါဝင်ပါတယ်။
စာသင်ကျောင်းတွေ ဆေးရုံတွေ ဘာသာရေးနယ်မြေတွေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ တိမ်း ရှောင်တဲ့ စခန်းတွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အရပ်သားတွေကို သတ်ဖြတ်တာ၊ ဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာနဲ့ ကျားမအခြေပြု အကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့တာလို့ အစီရင်ခံစာက ဖော် ပြပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက လူ့အခွင့်အရေးရှူထောင့်ကနေကြည့်ရင် ကြောက်ရွံ့ခြင်းနဲ့ တောင်းတမှုကနေ ကင်းဝေးရမယ်ဆိုတဲ့အချက်ကို စစ်ကောင်စီ ချိုးဖောက်နေတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“လူတွေက ကြောက်ရွံ့တယ်။ ထွက်ပြေးနေရတယ်။ စစ်ရှောင်နေရတယ်။ ပြီးတော့ စီးပွားရေးလုပ်ငန်းတွေ သေချာလုပ်လို့မရဘူး။ သူများပေးတဲ့ အကူအညီကိုပဲ မျှော်ကိုးပြီး စားနေရတယ်။ အဲဒါက အရမ်းကိုဆိုးဝါးတဲ့ အခြေအနေတစ်ခုကို တွန်းပို့တာပေါ့။ အဲဒီတော့ လူတွေရဲ့ဂုဏ်သိက္ခာတွေ လွတ်လပ်စွာ လုပ်ကိုင်စားသောက်မှုတွေ အတူတကွ ရှင်သန်နေထိုင်မှုတွေကို ပျက်စီးအောင်လုပ်တဲ့ ကိစ္စရပ်တွေဖြစ်တာပေါ့” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ပထမ ကိုးလအတွင်း မြေမြှုပ်မိုင်းနဲ့ စစ်အကြွင်းအကျန် ပေါက်ကွဲပစ္စည်းတွေကြောင့် ကလေးငယ် ၂၄၅ ဦးအပါအဝင် အရပ်သား ၈၈၉ ဦး သေဆုံးခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
လူသတ်မိုင်းတွေ အသုံးပြုနေတဲ့ လက်ရှိလေးနိုင်ငံမှာ မြန်မာနိုင်ငံလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ် မေလကနေ ၂၀၂၄ ခုနှစ် သြဂုတ်အထိ စစ်ကိုင်းရှိ နေရာအများအပြားမှာ နေ အိမ်ပေါင်း ၁၀၀,၀၀၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
တစ်ဘက်မှာ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပနိုင်ငံသို့ ထွက်ပြေးသူတွေ များပြားလာပြီး စစ်မှုထမ်းစေခိုင်းဖို့ ကလေးသူငယ်တွေအပါအဝင် မိသားစုဝင်တွေကို ပြန်ပေးဆွဲတာနဲ့ ဖမ်းဆီးတာတွေကိုလည်း စစ်ကောင်စီက ပြုလုပ်ခဲ့တာပါ။
စစ်သားအဖြစ် အတင်းသွတ်သွင်းခံရသူတွေကို ရှေ့တန်းစစ်မျက်နှာမှာ လူသားဒိုင်းတွေနဲ့ ပေါ်တာအဖြစ် အသုံးပြုခဲ့တယ်လို့ HRW က ဆိုပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း ကလေး ၁,၁၀၀ ကျော်ကို စစ် တပ်ထဲ ဆွဲသွင်းအသုံးပြုခဲ့တယ်လို့ ကုလသမဂ္ဂက အတည်ပြုခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
၂၀၂၁ နောက်ပိုင်း စစ်ကောင်စီက ကလေးငယ် ၅၇၀ ကျော် အပါအဝင် အနည်းဆုံး လူ ၂၇,၅၀၀ ကို ဖမ်းဆီးခဲ့ပြီး ချုပ်နှောင်ထားစဉ်အတွင်း လူပေါင်း ၁၉၀၀ ကျော် သေဆုံးခဲ့ပေမယ့် မြေပြင်မှာ သေ ဆုံးသူ များပြားနိုင်တယ်လို့ ပြောပါတယ်။
ဒီသေဆုံးမှုတွေဟာ အကျဉ်းထောင်တွေ စစ်ကြောရေးစခန်းတွေ စစ်စခန်းတွေနဲ့ အခြား ထိန်းသိမ်းရေးစခန်းတွေမှာ စစ်ကောင်စီအာဏာပိုင်တွေရဲ့ အထိန်းအကွပ်မဲ့ ကျုးလွန်နေတာလို့ အစီရင်ခံစာက ထောက်ပြပါတယ်။
၂၀၂၃ ဇန်နဝါရီကစပြီး အသက်အန္တရာယ်များတဲ့ လှေခရီးစဉ်တွေနဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ ထွက်ပြေးဖို့ ကြိုးပမ်းခဲ့တဲ့ ရိုဟင်ဂျာ ၁၁,၀၀၀ ကျော်ထဲက လူပေါင်း ၈၀၀ ကျော် သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ၂၀၂၃ နိုဝင်ဘာကစပြီး ပဋိပက္ခကြောင့် ရခိုင်နဲ့ချင်းတောင်ပိုင်းမှာ ရိုဟင်ဂျာတွေအပါအ ဝင် လူပေါင်း ၃၈၀,၀၀၀ ကျော် ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Simsa Kasa Multimedia