ဆိုးလ်၊ ဇန်နဝါရီ ၁၄
မအောင်မြင်ဖြစ်ခဲ့ရတဲ့ စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာရေး ကြိုးပမ်းမှုနဲ့ ပတ်သက်လို့ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုလ်ကို တာဝန်ကနေ ရပ်ဆိုင်း၊ မဆိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆုံးဖြတ်ဖို့ စီစဉ်နေချိန် သူ့အပေါ် စွပ်စွဲ ပြစ်တင်ထားတဲ့ အမှုကို ဇန်နဝါရီ ၁၄ ရက်မှာ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ကြားနာ စစ်ဆေးမှု ၅ ခုထဲက ပထမဆုံးအကြိမ် စစ်ဆေးမှုကို မွန်းလွဲ ၂ နာရီ မှာစတင်ခဲ့ပေမယ့် သမ္မတ ယွန် မတက်ရောက်တာကြောင့် နှစ်မိနစ်ပဲ ကြာမြင့်ခဲ့တယ်လို့ တရားရုံး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
သမ္မတ ယွန်ကို နောက်ထပ် ရုံးတင်စစ်ဆေးမယ့် ရက်စွဲတွေအဖြစ် ဇန်နဝါရီ ၁၆ ရက်၊ ၂၁ ရက်၊ ၂၃ ရက်နဲ့ ဖေဖော်ဝါရီ ၄ ရက်လို့ သတ်မှတ်ထားပါတယ်။
အရပ်ဖက်အုပ်ချုပ်မှု အဆုံးသတ်စေရေး သူ့ရဲ့ကြိုးပမ်းမှုအပေါ် မဲခွဲဆုံးဖြတ် ပယ်ချမယ့် လွှတ်တော်အမတ်တွေကို တားဆီးနိုင်ဖို့ လွှတ်တော်ကို ဝင်ရောက်စီးနင်းရေး သမ္မတ ယွန်က ဒီဇင်ဘာ ၃ ရက်မှာ ညွှန်ကြားခဲ့ပြီးနောက် တောင်ကိုရီးယားမှာ ဆယ်စုနှစ်များစွာ အတွင်း အဆိုးရွားဆုံး နိုင်ငံရေးပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
အဲဒီလို လုပ်ဆောင်ပြီးနောက် မကြာခင်မှာပဲ သူဟာ စွပ်စွဲ ပြစ်တင်ခံခဲ့ရ ပေမယ့် စုံစမ်းစစ်ဆေးရေး ဆင့်ခေါ်မှုတွေကို ပယ်ချထားပြီး သမ္မတ လုံခြုံရေးတပ်ဖွဲ့ရဲ့ အကူအညီနဲ့ ပုန်းအောင်းနေပါတယ်။
သမ္မတ ယွန်ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာမှုဟာ ဖွဲ့စည်းပုံနဲ့ မညီဘူးလား၊ တရားမဝင်ဘူးလား ဆိုတဲ့ အဓိက ကိစ္စနှစ်ရပ်ကို တရားသူကြီး ၈ ဦးက ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
သမ္မတ အနေနဲ့ လုံခြုံရေး စိုးရိမ်ရတဲ့အတွက် ပထမအကြိမ် ရုံးတင် စစ်ဆေးရေး ဆင့်ခေါ်မှုအတိုင်း တက်ရောက်မှာ မဟုတ်ဘူးလို့ သူ့ရဲ့ရှေ့နေအဖွဲ့က ပြောကြားခဲ့ပေမယ့် လုံခြုံရေး စိတ်ချရတဲ့ အခြေအနေတွေမှာ နောက်ထပ် စစ်ဆေးခံရမယ့် အကြိမ်တွေအတွက် လာရောက် စစ်ဆေးခံမယ်လို့ ဆိုထားပါတယ်။
သူ့အနေနဲ့ ဒုတိယအကြိမ် တရားရုံးကို ရောက်မလာဘူးဆိုရင်လည်း တရားရုံးက သူ့မျက်ကွယ်မှာ စစ်ဆေးလို့ ရပါတယ်။
အရင်က တောင်ကိုရီးယားသမ္မတတွေ ဖြစ်တဲ့ ရိုမူဟွန်နဲ့ ပတ်ဂွန်ဟေးတို့လည်း သူတို့တွေအပေါ် စွပ်စွဲ ပြစ်တင်တဲ့ အမှုတွေနဲ့ ပတ်သက်လို့ ၂၀၀၄ ခုနှစ် နဲ့ ၂၀၁၆-၂၀၁၇ ခုနှစ်တွေမှာ အသီးသီး စစ်ဆေးခံဖို့ ပျက်ကွက်ခဲ့ဖူးပါတယ်။
နိုင်ငံကို စစ်အုပ်ချုပ်ရေး အောက်ထားရှိရေး ကြေညာဖို့ တောင်ကိုရီးယားသမ္မတ ယွန်ရဲ့ ကြိုးပမ်းမှုဟာ နှစ်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပြီး အဲဒီ စစ်အုပ်ချုပ်ရေး ကြေညာချက်ဟာ ခြောက်နာရီပဲ ကြာမြင့်ခဲ့ပါတယ်။
အရင်က ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းအတိုင်း သူ့ကို ဖမ်းဆီးဖို့ စုံစမ်း စစ်ဆေးသူတွေကြိုးပမ်းခဲ့ကြပေမယ့် သမ္မတလုံခြုံရေး တပ်ဖွဲ့တွေရဲ့ တားဆီးမှုကြောင့် မအောင်မြင် ဖြစ်ခဲ့ရတာပါ။
တကယ်လို့ ဖမ်းဝရမ်းအသစ် ထုတ်ပေးခဲ့ရင် သမ္မတ ယွန်ဟာ တောင်ကိုရီးယားမှာ တာဝန်ထမ်းဆောင်ရင်း ပထမဆုံး ဖမ်းဆီးခံရတဲ့ သမ္မတ ဖြစ်လာမှာ ဖြစ်ပါတယ်။
သူ့အနေနဲ့ နောက်ဆုံး ပြစ်မှုထင်ရှားလို့ ပြစ်ဒဏ် ချမှတ်ခံခဲ့ရရင် ထောင်ဒဏ် ဒါမှမဟုတ် သေဒဏ်နဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
Ref:AFP