နယူးဒေလီ၊ ဇန်နဝါရီ ၁၃
အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပရာယာဂရေးမြို့မှာ ဇန်နဝါရီ ၁၃ ရက်က လူသားမျိုးနွယ်တို့ရဲ့ အကြီးမားဆုံး စုဝေးမှုအဖြစ် ဖော်ညွှန်းခံထားရတဲ့ ခမ်မီလာ ဟိန္ဒူဘုရားပွဲ စတင်ချိန်မှာ လူသန်းနဲ့ချီပြီး တက်ရောက်ခဲ့ကြပါတယ်။
၁၂ နှစ်ကို တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ အဲဒီဘုရားပွဲဟာ နောက်ထပ်သီတင်း ခြောက်ပတ် ကြာမြင့်မှာဖြစ်ကာ အိန္ဒိယရဲ့ နာမည်ကျော်မြစ်တွေဖြစ်တဲ့ ဂင်္ဂါမြစ်နဲ့ ယမုံနာမြစ်၊ ဆာရာ့စ်ဝတီမြစ်တို့လို မြစ်တွေမှာ ဘုရားဖူးတွေ ရေချိုးဆင်းကြမှာ ဖြစ်ပါတယ်။
အဲဒီလို မြစ်ရေချိုးရင် ဟိန္ဒူ ဘာသာဝင်တွေအနေနဲ့ သူတို့ရဲ့ အကုသိုလ်တွေ ကင်းစင်ပြီး စိတ်ဝိညာဉ် သန့်ရှင်းစင်ကြယ်တယ်လို့ ယုံကြည်ထားကြတာ ဖြစ်ပါတယ်။
သူတို့အနေနဲ့ အဲဒီလိုလုပ်ရင် မွေးဖွားခြင်းနဲ့ သေဆုံးခြင်း သံသရာက လွတ်မြောက်နိုင်တယ်လို့လည်း ယုံကြည်ထားကြတာပါ။
အာကာသကနေ မြင်နိုင်လောက်တဲ့အထိ ကြီးမားတဲ့ ၄၅ ရက်ကြာ ဘုရားပွဲသို့ လူပေါင်း သန်း ၄၀၀ လာရောက်မယ်လို့ မျှော်လင့်ထားပါတယ်။
ဇန်နဝါရီ ၁၃ ရက်က ဘုရားဖူး ၅ သန်းကနေ ၈ သန်းအထိ လာရောက်ခဲ့ကြပြီး လာမယ့် ရက်ပိုင်းအတွင်း သန်း ၂၀ အထိ ပိုများလာမှာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၁၄ ရက်မှာတော့ အဝတ်မပါဘဲ လှံတံတွေ ကိုင်ဆောင်ထားတဲ့ ဟိန္ဒူဘုန်းတော်ကြီးတွေ ပါဝင်တဲ့ အထူး ဘုရားပွဲကျင်းပမှာ ဖြစ်ပါတယ်။
ဘုရားဖူးတွေနဲ့ ကမ္ဘာလှည့် ခရီးသည်တွေကို နေရာချထားပေးရေး အဆင့်သင့် ဖြစ်နေစေဖို့ အာဏာပိုင်တွေ အလျင်အမြန် ဆောင်ရွက်ပေးခဲ့ရပြီး မြစ်ကမ်းတွေရဲ့ နံဘေး ဟက်တာ ၄၀၀၀ ကျယ်တဲ့ နေရာမှာ ကြိုတင် ပြင်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။
ဘုရားဖူးတွေအတွက် ရွှေ့ပြောင်း သန့်စင်ခန်းတွေလည်း အများအပြား စီစဉ်ပေးထားပေမယ့် လောလောဆယ် ရေမရတာကြောင့် အသုံးပြုလို့မရတဲ့ သန့်စင်ခန်းတွေ အများကြီး ရှိနေတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်မှာ ပြီးဆုံးမယ့် အဲဒီ ဘုရားပွဲတော်ဟာ ယူနက်စကိုရဲ့ အသိအမှတ်ပြုမှု လက်ခံရရှိထားတဲ့ ပွဲတော် ဖြစ်ပါတယ်။
သမုဒ္ဒရာ ဘောင်ဘင်ခတ်ချိန်မှာ ထွက်ပေါ်လာတဲ့ ပန်းဝတ်ရည် ခရားနဲ့ ပတ်သက်လို့ နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေကြား တိုက်ခိုက်တဲ့ အကြောင်း ဇာတ်လမ်းကနေ ဒီဘုရားပွဲတွေ အစ ပြုခဲ့တာ ဖြစ်ပါတယ်။
အဲဒီပန်းဝတ်ရည်ဟာ ထာဝရ အသက်ရှင်သန်ခြင်းကို ပေးစွမ်းနိုင်ပြီး နှစ်ဖက် တိုက်ခိုက်မှုအတွင်း ယခု ဘုရားပွဲကျင်းပရာ မြစ်ကြောင်းတွေထဲ ဝတ်ရည်အနည်းငယ် ဖိတ်စဉ်ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲဟာ ၁၂ နှစ်ကြာမြင့်ခဲ့တာကြောင့် ဘုရားပွဲတော်ကိုလည်း ၁၂နှစ် တစ်ကြိမ် ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။
Ref:BBC